အလွမ်းသင့်နှင်းဆီ

          စာရွက်ကြားထဲက ခြောက်သွေ့နေပြီးဖြစ်တဲ့ နှင်းဆီပန်းခြောက်လေးကို ငေးကြည့်ရင်း နှိုင်းယှဉ်ခွင့်ပြုခြင်းမရှိတဲ့ မျက်ရည်တစက်ဟာ နှင်းဆီပန်းခြောက်လေးပေါ်ကျသွားခဲ့သည်။

          စိုသွားတဲ့ နှင်းဆီခြောက်လေးကို လက်နဲ့အသာကိုင်ကြည့်ရင်း စိတ်တွေက မတည်ငြိမ် ဖြစ်ချင်လာတာမို့ စာအုပ်လေးကို ပိတ်ပြီး ထရပ်လိုက်တော့

          “အခုထိ လွမ်းနေတုန်းလား နှင်းဆီသခင်မလေးကို”

          မေးခွန်းကြောင့် အသိပြန်ဝင်လာကာ အသံလာရာကို ကြည့်လိုက်တော့ တခန်းထဲနေတဲ့ သူငယ်ချင်းကိုတွေ့ရသလို စိတ်နဲ့လူနဲ့လည်း ပြန်ကပ်လာရသည်။

          “အင်း… အတိတ်ဆိုတာ ပျောက်ပျက်သွားတာမှ မဟုတ်တာ။ အမှတ်တရအဖြစ်တော့ ကျန်နေသေးတာပဲ”

          “မင်း ငါ့ကို မပြောပြချင်ဘူးလား”

          “ဟမ် ဘာကိုလဲ”

          “အဲဒီ နှင်းဆီပန်းခြောက်လေးရဲ့ ရာဇ၀င်ပေါ့”

          “သိချင်လို့လား”

          “အင်း… မင်းပြောပြပေးမယ်ဆိုရင်ပေါ့။ မင်းထုတ်ကြည့်တိုင်း မျက်ရည်ကျလောက်တဲ့ အဲဒီနှင်းဆီလေးရဲ့ ရာဇ၀င်ကိုပေါ့”

          “အဲဒီပန်းက ပွင့်ကတည်းက တစ်စုံတယောက်ရဲ့ နမ်းရှိုက်တာ ယုယတာ မခံရဘဲ နင်းချေခံခဲ့ရတဲ့ သက်ရှိ နှင်းဆီတပွင့်ရဲ့လက်ထဲက အဲဒီနှင်းဆီအနီရောင်လေးကို ငါလက်ခံရခဲ့တာ”

          “ပန်းပိုင်ရှင်က မင်းမဟုတ်ခဲ့ဘူးပေါ့”

          “အင်း… ငါက လက်ခံရရှိသူ သက်သက်ပဲ။ ဒါပေမဲ့ ဒီပန်းလေးကိုတွေ့တိုင်း  အလွမ်းသင့်ပြီး   ကြေမွပျက်စီးသွားတဲ့ နှင်းဆီလေးကို သတိရမိတယ်”

          “အလွမ်းသင့်တဲ့ နှင်းဆီလား”

          “အင်း… အစတည်းက ပျက်စီးလုနီးနီး    နှင်းဆီလေးက အလွမ်းနဲ့ထိတွေ့လာတဲ့အခါမှာတော့ အပြီးတိုင် ကြွေလွင့်သွားတာပေါ့ကွာ...”

          စကားပြောရင်း စိတ်အစဉ်က ခိုင်းစေစရာမလိုပဲ အတိတ်ကိုရောက်သွားခဲ့သည်။ မင်းထက်ဆိုတဲ့ ကောင်လေးမှာ Roseဆိုတဲ့ သူငယ်ချင်းမလေးတယောက်၊ စိုင်းဆိုတဲ့ သူငယ်ချင်းလေးတယောက် စုစုပေါင်း သူငယ်ချင်းလေး နှစ်ယောက်ရှိသည်။

          “Rose နင်တယောက်တည်းလား.. စိုင်းရော..”

          “အင်း တယောက်တည်းဘဲ။ စိုင်းက အခုထိ မလာသေးဘူး”

          “ငါ နင်တို့ နှစ်ယောက်ကို ပြောစရာရှိလို့”

          “ဟုတ်လား… ငါလည်း ပြောစရာရှိတယ် မင်းထက်”

          “ဟုတ်လား… နင်အရင်ပြောလေ”

          “ငါက နောက်မှပြောမှာ... စိုင်းလာမှ ပြောမယ်”

          “အင်း... အဲဒါဆို ခဏစောင့်ကြရအောင်”

          နှစ်ယောက်သား စိုင်းအလာကို စောင့်ရင်း စကားပြောကြရင်း နောက်ပြောင်ရယ်မောကြသည်။ မင်းထက်ရဲ့သူငယ်ချင်းမလေးက သူ့ကိုမွေးပြီး တလလောက်ကတည်းက သူ့အဖေဆုံးသွားတာမို့    ပထွေးနဲ့

နေရတဲ့ ကောင်မလေးဖြစ်သည်။ ပထွေးက မယားပါ သမီးကို မချစ်ပေမဲ့ မုန်းမနေတာက တော်သေးပေမဲ့ Roseနဲ့ ယှဉ်ရင်တော့ သူနဲ့ရတဲ့ကလေးတွေကိုသာ ဦးစားပေးတတ်တာ ဖြစ်သည်။

          အဆင်ပြေကြီးမဟုတ်တဲ့ မိသားစုမို့ ချစ်ခင်ယုယခြင်းအစား အနစ်နာခံရင်း ဘ၀ကိုဆက်နေတဲ့ နှင်းဆီ မလေးပေါ့။

          အခုတလော ခါတိုင်းနဲ့မတူဘဲ ပြုံးနေတတ်တာမို့ ဘာလဲလို့ မမေးဖြစ်ခဲ့ပေမဲ့ သိချင်နေမိသည်။

          နှစ်ယောက်သားစကားပြောနေတုန်း ချစ်စရာကောင်းတဲ့ ကောင်မလေးတယောက်လက်ကို ကိုင်ရင်းရောက်လာတဲ့ စိုင်းကြောင့် မင်းထက်စိတ်ထင် Rose မျက်နှာပျက်သွားသလားလို့ ထင်ရပေမဲ့ ခဏလေးအတွင်း ပြန်ပြုံးလာသည်။

          “ငါ မင်းတို့နဲ့ မိတ်ဆက်ပေးမလို့။ ဒါ ငါ့ချစ်သူ”

          စိုင်းရဲ့မိတ်ဆက်စကား မဆုံးခင် နှင်းဆီက မင်းထက်ဘက်လှည့်လာကာ

“မင်းထက် နင်ပြောစရာရှိတယ်ဆို ပြောလေ။ ငါအလုပ်ရှိသေးလို့...”

          “ဒီနှစ် ကျမ်းစာကျောင်းဖွင့်ရင် ငါကျောင်းတက်ရတော့မှာ အဲဒါပြောမလို့”

          “ဟယ်… တကယ်ဝမ်းသာလိုက်တာဟယ်... ငါလည်း တက်ချင်လိုက်တာ။ နင်ကြိုးစားနော်... ငါပြန်တော့မယ်”

          ၀မ်းသာအားရပျော်ရွှင်နေတဲ့ပုံစံနဲ့ပြောပြီး ထပြန်သွားတဲ့ Roseရဲ့ မျက်ရည်ကိုတော့ ကျန်ခဲ့တဲ့ သုံးယောက် စလုံး သတိမထားမိလိုက်ကြပါ။

          တပတ်လောက်မတွေ့ဖြစ်တဲ့ Roseကြောင့် သူ့အိမ်ကို ရောက်သွားတော့ နေမကောင်းဘူးဆိုတဲ့ Roseရဲ့ အမေတူ အဖေကွဲညီမလေးစကားကြောင့် ကျွန်တော် သူလှဲနေတဲ့နားရောက်သွားတော့

          “မင်းထက် အဲဒီပန်းလေးက လှလား”

          နေမကောင်းတဲ့ကြားက ကျွန်တော့်လက်ထဲ ထည့်ပေးလာတဲ့ နှင်းဆီပန်းလေးကြောင့် ပန်းကလေးကို ကြည့်ရင်း

          “အင်း လှတယ်Rose… နင့်လိုပဲ”

          “အင်းနော်... သူလည်း ငါ့လိုဘဲ... ဘယ်သူ့ရဲ့ အမြတ်တနိုးထားခြင်း မခံရတဲ့ ပန်းလေးပေါ့”

          “ဘာတွေပြောနေတာလဲ Rose”

          အဲဒီပန်းကလေးက စိုင်းငါ့ကို ပေးထားတာ သိလား မင်းထက်။ သူငါ့ကို ချစ်တယ်တဲ့။

          ငါက Roseဆိုတဲ့ နာမည်နဲ့လိုက်ဖက်အောင် ရဲရဲရင့်ရင့်လေးနဲ့လှတယ်တဲ့။ ဒါပေမယ့်အခုတော့ မဟုတ်တော့ဘူးပေါ့။ ငါနဲ့သူချစ်သူတွေလို့ပြောမဲ့အချိန်မှာ သူငါ့လို ပန်းအနွမ်းထက်      သိပ်လှတဲ့ ပန်းကလေးကို ရွေးချယ်သွားတယ်တဲ့။

          နာကျည်းနေတာလဲမဟုတ်။ ၀မ်းနည်းနေတာလဲမဟုတ်။ အသက်မပါသလိုပြောနေတဲ့ Roseက သူ့လက်ထဲက နှင်းဆီလေးကို ပစ်ပေးဖို့ပြောတာမို့ ကျွန်တော်ယူလိုက်ပြီး သီချင်းစာအုပ်ကြား ထည့်ထား လိုက်သည်။

          နောက်တနေ့မှာစိုင်းကို သွားပြောမယ်လို့ တွေးထားပေမဲ့ ကျွန်တော့်သူငယ်ချင်း ခပ်နွမ်းနွမ်း နှင်းဆီလေး က အဲဒီဆူးမှာဘဲ ကြွေလွင့်သွားခဲ့သည်။

          ဘ၀ရော၊အချစ်ရော ကံခေလွန်းတဲ့ Rose စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားခဲ့ရပါသည်။ Roseဆုံး တဲ့သတင်းကြောင့်ရောက်လာတဲ့စိုင်းကို တချက်လောက်ထိုးချင်ပေမဲ့   စိတ်လျှော့လိုက်ရတာက   Roseရဲ့ စကားကြောင့်ဖြစ်သည်။ သူ့ကြောင့် စကားများ ရန်မဖြစ်ကြပါနဲ့ ဆိုတဲ့ စကားကြောင့်ဖြစ်သည်။

          နှင်းဆီလေးကကျွန်တော်သူငယ်ချင်းထက်ပိုတဲ့အချစ်တွေ ပေးမသိရသေးခင်မှာပင် ကြွေသွားရှာတဲ့ ကျွန်တော့်ရဲ့နှင်းဆီ။

          “ဟင်း... Roseက စိတ်ပျော့လိုက်တာ”

          သက်ပြင်းချသံနဲ့အတူ မှတ်ချက်သံတခုကြားမှ စိတ်က လက်ရှိအခြေအနေ ကို ပြန်ရောက်လာကာ

          “သူ့ဘ၀ပေးအခြေအနေကြောင့် စိတ်မာချင်ယောင်ဆောင်တဲ့ နှင်းဆီလေးပေါ့”

          “အင်း… ဟုတ်တယ်နော်...။ ဒါနဲ့ မင်းကျမ်းစာကျောင်း ပထမနှစ်တုန်းကလာတာ စိုင်းမဟုတ်လား”

          “အင်း... သူဘဲ နှင်းဆီရဲ့စိုင်း”

          ပုံမှန်ဆို ကျွန်တော့်ရဲ့နှင်းဆီလို့ ပြောချင်ပေမဲ့ အခုတော့ ကျွန်တော့်နှလုံးသားကို မသိသွားတဲ့ Rose အတွက် နှင်းဆီရဲ့စိုင်း၊    စိုင်းရဲ့နှင်းဆီပေါ့။ ပြောခွင့်မရှိတော့တဲ့ အချစ်တခုရယ်၊ ထုတ်ကြည့်မိတိုင်း အလွမ်း တသသဖြစ်လာစေမဲ့ ပိုင်ရှင်မသိ ယူထားမိတဲ့နှင်းဆီရယ် ကျမ်းစာကျောင်းက စာတွေရယ်က ကျွန်တော့်ဘ၀ဖြစ်သလို နှင်းဆီဖြစ်စေချင်တဲ့  သာသနာပြုတယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ ကျွန်တော်က အလွမ်းသင့်နှင်းဆီလေးကို မမေ့ရက်ဘဲ ကျွန်တော့်စာအုပ်ကြား နေရာယူရင်းက တစ်ခါတလေ ကျွန်တော့်ကို အလွမ်းတွေနဲ့ ရစ်ပတ်စေ တတ်တဲ့ အလွမ်းသင့်နှင်းဆီလေးပါဘဲ။

 

 မာန်လေးနွယ်