၁။ အရေအတွက်နည်းနည်းဖြင့် မဂ္ဂဇင်းပုံနှိပ်ခြင်း (Short Run)
ပုံနှိပ်တိုက်(အများစု)က အရေအတွက်များများ ပုံနှိပ်ခြင်းကိုသာ ပြုလုပ်လေ့ရှိကြတာကြောင့် ဈေးကွက်စမ်းမယ့် မဂ္ဂဇင်းစာအုပ်သစ် ထုတ်ဝေမယ့်သူတွေအတွက် စိုးရိမ်ဖွယ်ကောင်းနိုင်ပါတယ်။
မဂ္ဂဇင်းအရေအတွက်များလေ အရှုံးပေါ်နိုင်ချေ ပိုများလေဖြစ်တာကြောင့် မဂ္ဂဇင်းအားလုံး ရောင်းစွံပါ့မလားဆိုတာ ထည့်သွင်းစဉ်းစားရပါမယ်။
အကယ်၍ အုပ်ရေ ၃၀၀ ကနေ ၅၀၀ကြား ထုတ်ထားသော ပထမကြိမ်ထုတ်ဟာ ရောင်းမထွက်ခဲ့ဘူးဆိုရင် မဂ္ဂဇင်းပါ အကြောင်းအရာ၊ ဒီဇိုင်းကာလာ၊ ရောင်းမကောင်းရခြင်း အကြောင်းရင်းတွေကို ပြန်လည်သုံးသပ်နိုင်ပါတယ်။
အကယ်၍ ပထမကြိမ်ထုတ်အားလုံး ရောင်းထွက်သွားပါမူ အချိန်တိုအတွင်း ထပ်မံ၍ ပုံနှိပ်နိုင်ပါတယ်။
အရေအတွက်နည်းနည်း ပုံနှိပ်ခြင်းမှာ စျေးကွက်သဘောတရားကို လေ့လာ၊ အကဲဖြတ်၊ စမ်းသပ်နိုင်တဲ့ အားသာချက်တွေ ရှိပါတယ်။
၂။ ဒစ်ဂျစ်တယ်ပုံနှိပ်ခြင်း (Digital Printing)
မဂ္ဂဇင်း သရုပ်ဖော်ပုံတွေဟာ စာမျက်နှာတခုလုံးရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။
သရုပ်ဖော်ပုံ၊ ပန်းချီ၊ ဓာတ်ပုံတပုံတည်းက စာမျက်နှာတခုလုံးကို နေရာယူတာမျိုး ရှိတတ်တာကြောင့် အရည်အသွေးကောင်းတဲ့ ဒစ်ဂျစ်တယ်ပုံနှိပ်စနစ်ကို အသုံးပြုဖို့ လိုအပ်ပါတယ်။
မဂ္ဂဇင်းမှာပါဝင်တဲ့ သရုပ်ဖော်ပုံ၊ ပန်းချီ၊ ဓာတ်ပုံအတွက် အသုံးပြုတဲ့ ပုံနှိပ်အရည်အသွေး ညံ့ဖျင်းနေမယ်ဆိုရင် ဒီဇိုင်းအပြင်အဆင်အတွက် အားထုတ်သမျှ အကျိုးမဲ့ဖြစ်ကုန်ပါမယ်။
အရည်အသွေးကောင်းတဲ့ ဒစ်ဂျစ်တယ်ပုံနှိပ်စက်တွေ အများကြီးရှိပြီး သင့်တင့်မျှတတဲ့ နှုန်းထားရှိတဲ့ ပုံနှိပ်လုပ်ငန်းကို ရှာဖွေရပါမယ်။
ပုံနှိပ်စက္ကူအရည်အသွေး တသမတ်တည်း ဖြစ်၊ မဖြစ်ကို စစ်ဆေးရပါမယ်။
၃။ သရုပ်ဖော်ပုံ (Great Picture)
သရုပ်ဖော်ပုံဟာ စာဖတ်ပရိသတ်ဆီ အဦးဆုံးရောက်ရှိတဲ့ ဒီဇိုင်းတခုဖြစ်ပါတယ်။
အရည်အသွေးနိမ့်တဲ့ သရုပ်ဖော်ပုံ၊ ပန်းချီ၊ ဓာတ်ပုံကို အသုံးပြုမိမယ်ဆိုရင် ဒီဇိုင်းအပြင်အဆင်အတွက် အားထုတ်သမျှ အကျိုးမဲ့ဖြစ်ကုန်ပါမယ်။
မဂ္ဂဇင်းမှာ ပါဝင်တဲ့ သရုပ်ဖော်ပုံ (ပန်းချီ၊ ဒီဇိုင်း)ကဏ္ဍဟာ အင်မတန်အရေးကြီးတာကြောင့် ပုံနှိပ်တိုက်တခုကို အလုပ်အပ်ဖို့ စီစဉ်တဲ့အခါမှာ သူတို့ (ပုံနှိပ်တိုက်) ထုတ်ဝေခဲ့ဖူးတဲ့ ပရောဂျက် နမူနာတွေကို တောင်းခံပြီး အလုပ်အပ်ရန် သင့်၊ မသင့် ချင့်ချိန်ရပါမယ်။
၄။ ဘောင်နှင့် နေရာလွတ် (Margin and White Space)
မဂ္ဂဇင်းမှာဖော်ပြတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပုံဟာ စက္ကူအနားသားနဲ့ နီးကပ်လွန်းတဲ့အခါ ဖတ်ရှုရ စိတ်လက် မသက်သာစေတာကြောင့် နေရာလွတ် လုံလုံလောက်လောက်ထားရှိခြင်းဟာ ဖတ်ရှုရ လွယ်ကူချောမွေ့စေပြီး စာမျက်နှာတခုလုံးကို သပ်ရပ်စေပါတယ်။
၅။ အပြင်အဆင် (Layout)
ကောင်းမွန်ပြည့်စုံသော မဂ္ဂဇင်းတခုဖြစ်ရန် အရေးအကြီးဆုံး ပြုလုပ်ရမယ့်လုပ်ငန်းစဉ်ဟာ စာသားနဲ့ သရုပ်ဖော်ပုံ (ပန်းချီ၊ ဓာတ်ပုံ) နေရာချထားမှု၊ မျက်နှာဖုံးဒီဇိုင်းနဲ့ အတွင်းစာမျက်နှာ အပြင်အဆင် ချိတ်ဆက်မှုကို အချိန်ယူကာ အသေးစိတ် စစ်ဆေးခြင်း (Proofing) ဖြစ်ပါတယ်။
ဒီဇိုင်းချိတ်ဆက်မှု လျော်ကန်ပါက မဂ္ဂဇင်းကောင်းတအုပ်ကို ရရှိမှာဖြစ်ပြီး ဒီဇိုင်းအပြင်အဆင် မှားယွင်းပါက ပုံနှိပ်စရိတ်အပြင် ကြိုးစားအားထုတ်မှုပါ အလဟဿ ဖြစ်သွားနိုင်ပါတယ်။