သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း
ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM
မာတင် (အဆန်ရှင်းမှ) သည် စတင်၍ "ဣသရေလူမျိုးတို့၏ အရှင်ဘုရားသခင်သည် ဘုန်းကြီးပါစေသတည်း။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးကို ဆင်းကြွ၍ ရွေးနှုတ်တော်မူပြီ" ဟု ချီးမွမ်းထော်မနာပြု၍ အော်ဟစ်လေသည်။ ငယ်ရွယ်သူများ (ငါးဦးသည် အသက်နှစ်ဆယ်အောက်) သည် ဆာလံကျမ်းကို ရွတ်ဆိုကြသည်။ "လူမျိုးအပေါင်းတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာပြုကြလော့။ နေထွက်ရာမှ နေဝင်ရာတိုင်အောင် ဘုရားရှင်၏ နာမတော်ကို ချီးမွမ်းကြလော့"
ဂိုတိုသား ဂျွန် (၁၉ နှစ်) သည် ထိုမနက်ခင်းတွင် ယေရှုဂိုဏ်းဝင် ဘုန်းတော်ကြီးဘဝကို ခံယူရုံသာရှိသေးသည်။ လူအုပ်ထဲမှ ဘုန်းတော်ကြီးတပါးက ဂျွန်ထံတွင် ကောင်းကင်ဘုံသည် နီးလုပြီဖြစ်ကြောင်း ပြောဆိုသောအခါတွင် ဂျွန်သည် ရွှင်လန်းစွာဖြင့် "မစိုးရိမ်ပါနဲ့ အဖ၊ ကျနော် အဲဒါအရာကို ကောင်းကောင်းကြီးသိပါတယ်" ဟု ပြန်ဖြေလေသည်။
ဂျွန်ဘေးတွင် လူးဝစ် အီဘာကီသည် ကောင်းကင်ဘုံအကြောင်း ကြားရသောအခါတွင် မိမိ၏ ကယ်တင်ရှင် လက်ထဲသို့ ခုန်ဆင်းလိုသကဲ့သို့ ကြိုးများကို ဖိကာ "ပရဒိသုဘုံ၊ ပရဒိသုဘုံ၊ ယေရှု၊ မာရိယား" ဟု ကျူးဧလေသည်။ ထိုနေ့က ကားစင်တင်ခံရသူများကို မှတ်တမ်းတင်ရာတွင် ဆယ့်နှစ်နှစ်သာ ရှိသေးသော လူးဝစ်သည် တိုက်တွန်းခွန်အားပေးသူ ဖြစ်ကြောင်း ဖော်ညွှန်းထားလေသည်။ နားရွက်ကို ဖြတ်တောက်ချိန်တွင်ပင် ရယ်ရယ်မောမောဖြင့် သီချင်းဆိုလျက်ရှိပြီး ကျိုတိုမှ စစ်ချီရာလမ်းတလျှောက်လုံးတွင် အားမာန်အပြည့်ဖြင့် ချီတက်ကျူးရင့်လေသည်။ ကားစင်တင်ခြင်းမတိုင်မီ တညအလိုမှာ "ကျနော်တို့နဲ့အတူ လူးဝစ်လေး ပါလာတယ်"ဟု ဖရန်စစ် ဘလန်ကိုက ဆောင်းပါးတပုဒ်ရေးသားလေသည်။
"လူးဝစ်က အရမ်းကိုမှ ရဲရင့်ပြီး စိတ်ဓာတ်လည်း အရမ်းတက်ကြွနေတော့ လူတိုင်း အံ့ဩကုန်ကြတယ်" ဟု သူ၏ ဆောင်းပါးတွင် ဖော်ပြလေသည်။
တရာဇဝါ ဟာဇာဘူရိုသည် စီရင်ခြင်းကိစ္စကို အဆုံးသတ်လို၍ ရှေ့သို့တက်ကာ တိုက်ကိုဆာမာ၏ အမိန့်နှင့် ပြစ်ဒဏ်ကို ဖတ်ကြားလေသည်။ "ဤလူများသည် ဖိလစ်ပိုင်နိုင်ငံမှ သံတမန်အဖြစ် ယောင်ဆောင်ကာ ဂျပန်နိုင်ငံ၏ နှစ်ပေါင်းများစွာ တားမြစ်ထားသော ခရစ်ယာန်တရားဒေသနာကို မိယာကို၌ ဟောပြောရန် ရွေးချယ်ကြသည့်အတွက် ဤပုဂ္ဂိုလ်သူများနှင့် ခရစ်ယာန်တရားကို လက်ခံသော ဂျပန်လူမျိုးများကို သေဒဏ်ပေးရန် အမိန့်ချမှတ်လိုက်သည်။"
သို့သော်လည်း ယုံကြည်ချက်အတွက် အသက်စွန့်သူများသည် ဤမျှနှင့် ပြီးဆုံးမသွားပေ။ ကားစင်ထက်မှာ အော်သံတခု ထွက်ပေါ်လာပြီး အမိန့်ပြန်တမ်းဖတ်ကြားသူ တရာဇဝါကို မင်သက်သွားစေသည်။ "ဒီမှာရှိတဲ့လူတွေအားလုံး ကျနော့်စကားကို သေချာအာရုံစိုက်ပြီး နားထောင်ပေးပါ။"
ပေါလ်မီကီ၏ အသံဖြစ်လေသည်။ လူတိုင်း တိတ်ဆိတ်စွာဖြင့် မလှုပ်မယှက် နားထောင်နေကြသည်။
"ကျနော် ဖိလစ်ပိုင်က လာတာမဟုတ်ပါဘူး။ မွေးရာပါ ဂျပန်လူမျိုးဖြစ်ပြီး ယေရှုအသင်းတော်ရဲ့ သင်းဝင်တဦးပါ။ ကျနော် ဘာပြစ်မှုမှ ကျူးလွန်ခြင်း မရှိပါဘူး။ ကျနော့်ကို သေဒဏ်ပေးရတဲ့ တခုတည်းသော အကြောင်းရင်းက သခင်ယေရှုခရစ်ရဲ့ အဆုံးအမကို သင်ကြားပေးနေလို့ဖြစ်ပါတယ်။ အဲဒီအကြောင်းရင်းကြောင့် သေရတာကို ပျော်ရွှင်ပြီး အဲဒီသေခြင်းတရားက သခင်ဘုရားထံကနေ အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာတခုအဖြစ် ရှုမြင်ပါတယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ ကျနော် ခင်ဗျားတို့ကို လှည့်ဖြားဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ အဲဒါကို ယုံကြည်စိတ်ချနိုင်ပါတယ်။ လူသားတွေဟာ ခရစ်တော်ရဲ့ ကယ်တင်ခြင်းတရားကလွဲပြီး ကယ်တင်ခြင်းကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးဆိုတာကို အတိအလင်း ပြောကြားလိုပါတယ်။"
မီကီ၏စကားကို ရှင်းလင်းပြတ်သားစွာကြားရန် စစ်သားအချို့ ရှေ့သို့ တိုးလာကြသည်။ တရာဇဝါသည် မလှုပ်မယှက် ရပ်လျက်ရှိနေသည်။ ကွပ်မျက်သူများမှာ လှံကိုယ်စီ ကိုင်ဆောင်လျက် ကွပ်မျက်သူအားလုံးကို တိတ်ဆိတ်ငြိမ်သက်သွားရန် ပြင်ဆင်လျက်ရှိနေသည်။ မီကီသည် တခဏမျှ ပြုံးလိုက်ပြီးနောက် သူ၏သူငယ်ချင်း တရာဇဝါ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ "ခရစ်ယာန်တရားက ကျနော်တို့ရဲ့ ရန်သူနဲ့ ကျနော်တို့ကို ပြစ်မှားသူတွေကို ခွင့်လွှတ်ဖို့ အမိန့်ပေးထားပါတယ်။ ဒါကြောင့် ကျနော် တိုက်ကိုဆာမာကို ခွင့်လွှတ်ပါတယ်။ ဂျပန်လူမျိုးတိုင်းကို ခရစ်ယာန်ဖြစ်စေချင်တယ်။"
ပေါလ် တိတ်ဆိတ်သွားသည်။ ပြောချင်သည်များကို ပြောပြီးသွားပြီဖြစ်၍ ဘဝနိဂုံးအတွက် အသင့်ဖြစ်နေပြီ။ သူနှင့်အတူ ကားစင်တင်ခံရသူများကို စောင်းငဲ့ပြီး နှစ်သိမ့်စကား ဆိုလေသည်။ ပြီးနောက် ကောင်းကင်ဘုံသို့ မျှော်ကြည့်ရင်း "သခင်ဘုရား၊ ကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်၏ လက်တော်သို့ အပ်နှင်းပါ၏။ ဘုရားသခင်၏ သန့်ရှင်းသူတို့၊ ကျွန်ုပ်ကို ကြိုဆိုကြပါ" ဟု ဟစ်ကြွေးလေသည်။
အပိုင်း (၁၂) ဆက်ရန်
