လမ်းတဝက်တွင်၊ ဘဝတလျှောက်လုံး ခရစ်ယာန်တဦးပမာ နေထိုင်သော အသက် ၂၄ နှစ်အရွယ် မက္ကဆီကန်လူမျိုး ဘရာသာ ဖီးလစ် အော့ဖ် ဂျီးဆပ်သည် သူ၏ သူငယ်ချင်းကို ဤသို့ စနောက်လေသည်။ "ဘရာသာ ဖီးလစ် ကယ်တင်ခြင်းရဖို့အတွက် ဆန် ဖိလစ် ဂယ်လီယွန်သင်္ဘော ပျက်စီးသွားတာပဲ။" ဘရာသာ ဖီးလစ်သည် ကိုယ့်လက်ဝါးကားတိုင်ကို ထမ်းသောသူ ဖြစ်သည်။ ယခုတွင် သူ၏ ရုန်းကန်မှုမှာ ဆုံးခန်းတိုင်လေပြီ။ ယုံကြည်ချက်ကိုကား စွန့်ပယ်မည့်သူမဟုတ်။
ခရစ်ယာန်များကို ကားစင်တင်ရာတွင် သံမှိုများကို မသုံးဘဲ ခြေ၊ လက်၊ လည်ပင်းများကို သံကွင်းစွပ်ကာ ခါးကို တုတ်ခိုင်သော ကြိုးဖြင့် ချည်နှောင်ထားလေသည်။ ထိုအချိန်တွင် "အကုန်လုံးကို သံမှိုဖြင့် ရိုက်ပါ။" ဟု ကားတိုင်ပေါ်တွင် လက်ဆန့်တန်းလျက်ရှိနေသော ပီတာ ဘတ်တစ္စတာသည် ကွပ်မျက်သူများ တောင်းဆိုလေသည်။
တာရာဇာဝါ၏ သူငယ်ချင်းအရင်းဖြစ်သူ ပေါလ်မီကီသည် ရဲရင့်သော ဂျပန်စစ်သား၏ မျိုးဆက်ဆံသူတဦး ဖြစ်သော်လည်း ကယ်တင်ခြင်း ဧဝံဂေလိသတင်းကောင်းကို ဟောကြားရန် စစ်ဘက်လုပ်ငန်းကို စွန့်လွှတ်သူဖြစ်လေသည်။ ထိုအချိန်က ဂျပန်နိုင်ငံတွင် ပေါလ်မီကီသည် ဧဝံဂေလိတရားကို ဟောကြားသော တရားဟောဆရာ ဖြစ်သည်ဟု အများက ယူဆကြလေသည်။ အသက်သုံးဆယ် ရှိပြီဖြစ်သော ပေါလ်သည် အရပ်ပုသောကြောင့် ခြေထောက်များက အောက်ခြေကွင်းကို မမီသောကြောင့် စစ်သားတဦးက သူ့ရင်ဘတ်တွင် ပိတ်စတခုကို ချည်နှောင်ထားပေးရလေသည်။ ထိုစစ်သားက ပိတ်ထုံးကို တင်းကျပ်ရန် ပေါလ်ကို နင်းခြေသောအခါတွင် ပရိသတ်ထဲမှ ဘုန်းတော်ကြီးတပါးက ကန့်ကွက်ရန် ရှေ့သို့ တိုးလာသည်။ ပေါလ်က စိတ်အေးလက်အေးဖြင့် "ဖာသာ၊ သူ့အလုပ်ကို သူ လုပ်ပါစေ။ မနာကျင်ပါဘူး။"
ကားစင် ၂၆ခု တင်ပြီးချိန်တွင် တပြိုင်တည်း မြှောက်တင်ချိန်တွင် ကွပ်မျက်ရာ တောင်ကုန်းတွင် ပဲ့တင်ထပ်သွားကာ မကောင်းသော လက္ခဏာသဘောဆန်သည့် ဒုန်းခနဲမြည်သံသည် နေရာကျသွားလေတော့သည်။ ရုတ်တရက် လှုပ်ရှားမှုကြောင့် ကားစင်တင်ခံရသူတိုင်း၏ ခန္ဓာကိုယ်တလျှောက်လုံးတွင် နာကျင်မှုလှိုင်း ဖြတ်ပြေးသွားလေသည်။
နာဂါဆာကီမှ အန်တိုနီသည် အာဇာနည်တဦးအဖြစ် အသေခံရန် နေရပ်သို့ ပြန်ရောက်လာသည်။ မိဘနှစ်ပါးမှာ ကွပ်မျက်ခံရမည့် သူနှင့် အနီးဆုံးရှေ့ဆုံးတန်းတွင် ရှိနေသည်။ မိခင်ဖြစ်သူ ငိုကြွေးချိန်သောအခါတွင် အန်တိုနီမှာ ပြန်လည်၍ နှစ်သိမ့်လေသည်။ ပြီးနောက်တွင် သူ့ကို သီးခြားကွပ်မျက်ခြင်းကို မလိုလား၍ အခြားသော ခရစ်ယာန်များနှင့်အတူ ရောနှောကာ ကွပ်မျက်ခြင်းခံယူရန် သွားရောက်ပါဝင်လေသည်။ ထိုအချိန်တွင် သူ၏ အသက်မှာ ဆယ့်သုံးနှစ် ဖြစ်လေသည်။
အပိုင်း (၁၁) ဆက်ရန်
