ယေရှုကို ကိုးစားသူ - ဒီစီ တော့

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း

ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM


ဂျပန်နိုင်ငံ၊ နာဂါဆာကီမြို့
၁၅၉၇

ဖေဖော်ဝါရီလ ၅ ရက်၊ ကွပ်မျက်မည့်နေ့ မနက်ခင်းတွင် တီရာဇာဝါ ဟာဇာဘူရိုသည် သူ့ငယ်သားများ လက်ဝါးကပ်တိုင်ကို ပြင်ဆင်နေစဉ်တွင် မြို့ပြင်ရှိ ဂျုံခင်းသို့ တရွေ့ရွေ့ လျှောက်သွားလာသည်။ အချိန်မှာ ဆယ်နာရီဝန်းကျင် ဖြစ်သည်။ မြူများကျနေသည့် မနက်ခင်းတွင် ကွပ်မျက်မည့်သူကို လာရောက်ကြည့်ရှုရန်ရောက်လာသော ပရိသတ်မှာလည်း ရောက်လာကြပြီဖြစ်ပြီး နာဂါဆာကီကို အုပ်မိုးထားသည့် ကွန်ပီရာတောင်ဘက်မှ မိုးခြိမ်းသံမှာလည်း ခပ်လှမ်းလှမ်းမှ ခြောက်ခြားဖွယ်ကောင်းအောင် ထွက်ပေါ်လာနေသည်။

တီရာဇာဝါသည် အုပ်ချုပ်ရေးမှူး၏ ညီဖြစ်သောကြောင့် ကွပ်မျက်မှုတွင် အဓိကတာဝန်ယူရသော်လည်း ဤအလုပ်ကို မနှစ်သက်ပေ။ ကွပ်မျက်ခံရမည့်  ပေါလ် မီကီသည် သူ၏ မိတ်ဆွေရင်းတဦးဖြစ်သည့်အပြင် ၎င်း၏ တရားဟောချက်များကိုလည်း မကြာခဏ နားယူလေ့ရှိသည်။ တိုက်ကိုဆာမာကို ကြောက်ရွံ့သောကြောင့်သာ ကွပ်မျက်ရမည့် အစီအစဉ်ကို လက်ခံလိုက်ရခြင်းဖြစ်သည်။ သို့သော် တီရာဇာဝါ၏ စာနာမှုဖြင့် အကျဉ်းသားများ မကွပ်မျက်မီ ဝတ်ပြုခြင်းအမှုပြုနိုင်ရန် ယေရှုဂိုဏ်းဝင် ဘုန်းတော်ကြီးနှစ်ပါးကို ခွင့်ပြုလေသည်။

ဆယ်နာရီခွဲခန့်တွင် စောင့်မျှော်နေသော လူတန်းကြီးသည် ကွပ်မျက်ရာ လွင်ပြင်တွင် ပြည့်နှက်စုရုံးလာသည်။ စစ်သားများသည်လည်း လူအုပ်ထဲမှ အတင်းတွန်းတိုက်သွားကြသည်။ တီရာဇာဝါသည် ကွပ်မျက်ခံရမည့် အကျဉ်းသားများကို အာရုံစိုက်ကာ ကြည့်ရှုနေသည်။ အကျဉ်းသားများ၏ လက်များကို စည်းနှောင်ထားသည်။ ခြေထောက်များသည်လည်း သွေးထွက်သံယိုဖြစ်ကာ ပေါက်ပြဲနေသည်။ ဆီးနှင်းကြားတွင် သွေးရောင်သန်းနေသော ခြေရာများမှာ နောက်တွင် ထင်ကျန်လျက်။ အကျဉ်းသားအများစုမှာ ဖြူဖျော့ပိန်လှီနေသည်။ အကျဉ်းသားများကို အုပ်စုသုံးခုခွဲကာ အုပ်စုတခုစီတွင် ဖရန်စစ္စကန်ဘုန်းတော်ကြီးတပါးစီက ရှေ့မှဆုတောင်းရင်း ရှေ့ဆက်ကြသည်။ ရုပ်ပိုင်းဆိုင်ရာအရ နွမ်းနယ်သည့် လက္ခဏာများကို ဖော်ပြနေသော်လည်း ၎င်းတို့၏မျက်နှာများတွင်မူ ရွှင်ပြနေသော၊ စိတ်အားထက်သန်နေသော အမူအရာများဖြစ်နေ၍ တီရာဇာဝါ နားမလည်နိုင်ဖြစ်နေသည်။

ဂွန်ဇိုလို ဂါစီယာ ရောက်လာချိန်တွင် အကျဉ်းသားများကို ဆုတောင်းဝတ်ပြုပေးရန် ရောက်ရှိသည့် ယေရှုဂိုဏ်းဝင် ဘုန်းတော်ကြီး ဖရန်စစ် ရိုဒရီဂွက် ပင်တိုကို နှုတ်ဆက်ရန် ရှေ့သို့ တက်လာသည်။ "အင်္ဂါချင်းတို့၊ ဘုရားသခင် သင်တို့နဲ့အတူ ရှိပါစေ။ ဒီနေ့မှာ အထက်ကောင်းကင်ရွှေနန်းကို သွားတော့မယ်။ ဂွန်ဇာလက်စ်ဘုန်းတော်ကြီးကိုများ နောက်တကြိမ် တွေ့ဆုံခဲ့ရင် ကျွန်ုပ်ကိုယ်စား ပွေ့ဖက်ပေးပါ။” ပြီးနောက်တွင် ဘရာသာ ဂါစီယာသည် အနီးရှိ လက်ဝါးကပ်တိုင်ဘက်သို့ မျက်နှာမူလိုက်လိုက်သည်။ “ဒါ ကျွန်ုပ်ဟာလား?” ဟု စစ်သားတဦးအား မေးလိုက်သည်။ မဟုတ်။ စစ်သားသည် ခပ်လှမ်းလှမ်းရှိ နေရာတခုဆီသို့ ထပ်မံခေါ်ဆောင်သွားသည်။ ခေါ်ဆောင်ရာသို့ ရောက်ချိန်တွင် ဂါစီယာသည် ဒူးထောက်၍ လက်ဝါးကပ်တိုင်ကို ပွေ့ဖက်လိုက်သည်။

အပိုင်း (၁၀) ဆက်ရန်