သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း
ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM
၁၅၄၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်တွင် ဖရန်စစ် ဇေဗီယာနှင့် ယေရှုဂိုဏ်းဝင် (Society of Jesus – the Jesuits) မှ ဘုန်းတော်ကြီးနှစ်ပါးသည် ဂျပန်နိုင်ငံသို့ ခရစ်တော်၏ ဓမ္မအလင်းကို သယ်ဆောင်ရန် ရောက်ရှိလာသည်။ ဂျပန်နိုင်ငံကို "အကျွန်ုပ်နှလုံးသား နှစ်သက်ရာ ... ခရစ်ယာန်သာသနာနှင့် အလိုက်ဖက်ဆုံးသော အရှေ့ပြည်"ဟုလည်း ခေါ်ကြလေသည်။
ထိုအချိန်မှစ၍ နှစ်ပေါင်း ၅၀နီးပါးမျှ သင်းဝင်များနှင့် သာသနာပြုများ (အများအားဖြင့် ပေါ်တူဂီမှ ယေရှုဂိုဏ်းဝင်များနှင့် စပိန်မှ ဖရန်စစ်ကန် ဂိုဏ်းဝင်များ) အား ဂျပန်နိုင်ငံတွင် လွတ်လပ်စွာ နေထိုင်ခွင့်ပြုလေသည်။ သို့ရာတွင် အုပ်ချုပ်သူများအနေဖြင့် ခရစ်ယာန်သာသနာသည် ဂျပန်နိုင်ငံ၏ နိုင်ငံတော်ဘာသာနှင့် ယဉ်ကျေးမှုအတွက် ခြိမ်းခြောက်မှုတခုဖြစ်နေပြီး အုပ်ချုပ်ရေးနှင့် လုံခြုံရေးကိုပင် ထိခိုက်စေနိုင်သည်ဟု ယူဆကြလေသည်။ ၁၅၈၇ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် ယေရှုဂိုဏ်းဝင်အားလုံး ဂျပန်နိုင်ငံမှ ရက်နှစ်ဆယ်အတွင်း ထွက်ခွာရမည်ဟု ဂျပန်နိုင်ငံက အမိန့်ထုတ်ပြန်လေသည်။ ထိုအချိန်တွင် ဘုရားရှိခိုးကျောင်းအချို့မှာ ဖျက်ဆီးခံရသော်လည်း သာသနာပြုများမှာ ဂျပန်နိုင်ငံမှ ထွက်ခွာခြင်းမပြုပေ။
ကုန်တင်သင်္ဘော ဆန်ဖဲလစ်ကိစ္စသည် သာသနာလုပ်ငန်းကို ဆိုးရွားစေသည်။ ၁၅၉၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် ဆန်ဖဲလစ်သည် ဂျပန်မြေပေါ်တွင် မှားယွင်းစွာ ကျောက်ချမိလေသည်။ ထိုအခါတွင် ဒေသခံ စစ်ခေါင်းဆောင် ရှိုးဂန်းက သင်္ဘောပေါ်ရှိ ကုန်ပစ္စည်း မှန်သမျှကို သိမ်းယူလိုက်သောကြောင့် ကပ္ပတိန်မှာ ကုန်ပစ္စည်းများကို ပြန်မအပ်ပါက စပိန်မှ လာရောက်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်စကားဆိုလေသည်။ (ကပ္ပတိန်တွင် ထိုသို့ခြိမ်းခြောက်နိုင်သော အာဏာမရှိပါ)။ ဖရန်စစ်ကန် ဘုန်းတော်ကြီးများထံက ရရှိသော အချက်အလက်များကို ကိုးကား၍ စပိန်က ဂျပန်ကို အလွယ်တကူ သိမ်းပိုက်နိုင်မည်ဟု ခြိမ်းခြောက်နေခြင်းသာ ဖြစ်လေသည်။ အဆိုပါစကားကြောင့် ဂျပန်အာဏာပိုင်များသည် ဖရန်စစ်ကန် ဂိုဏ်းဝင်များကို သူလျှိုအဖြစ် သတ်မှတ်၍ ခရစ်ယာန်များကို ချေမှုန်းရန် စတင်ဦးတည်လေတော့သည်။
ဂျပန်နိုင်ငံ၏ အကြွင်းမဲ့အာဏာရှင် တိုက်ကိုးဆာမာဟု လူသိများသော တိုယိုတိုမီ ဟီဒီယိုရှီသည် ၁၅၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်တွင် ကျိုတိုမှ ခရစ်ယာန်များကို ဖမ်းဆီးရန် အမိန့်ပေးလေသည်။ ယုံကြည်ချက်ကြောင့် အသတ်ခံရမည့် သင်းဝင် ၁သန်းနီးပါးရှိသော "ကီရီရှီတန် လူမျိုးတုံးသတ်ဖြတ်မှု" စတင်ချိန် ဖြစ်လေသည်။ ထိုအချိန်မှစ၍ နှစ်ပေါင်း ၂၆၀ ကျော်အတွင်း ခရစ်ယာန်များကို ညှင်းပန်းနှိပ်စက်ခြင်းသည် ထိုမျှလောက် ကြီးကျယ်ခြင်း မရှိတော့ပေ။
ထိုနေ့တွင် ဖရန်စစ်ကန် ဘုန်းတော်ကြီးများ၊ ယေရှုဂိုဏ်းဝင် ဘုန်းတော်ကြီးများနှင့် သင်းဝင်စုစုပေါင်း ၂၆ဦး ပါဝင်ပြီး ၁၂နှစ်မှ ၆၄နှစ်အထိ ပါဝင်သည်။ ဂျပန် အယောက် ၂၀၊ စပိန် ၄ယောက်၊ ပေါ်တူဂီ ၁ယောက် (ပေါ်တူဂီဖခင်နှင့် အိန္ဒိယမိခင်မှ အိန္ဒိယတွင် မွေးဖွားသူ) နှင့် မက္ကဆီကန် ၁ယောက် စုစုပေါင်း ၂၆ယောက်ရှိပါသည်။ ဖမ်းဆီးခံရသူများသည် ရာဇဝတ်မှု ကျူးလွန်ထားခြင်းမရှိသော်လည်း ခြေလျင်ခရီး ရက်၃၀ခန့် သွားရမည့် နာဂါဆာကီအနီးတွင် ခရစ်တော်ကဲ့သို့ ကားတိုင်တင်ကာ အသတ်ခံရမည်ဟု ဂျပန်အာဏာပိုင်များက ဆုံးဖြတ်ကြလေသည်။ အဖမ်းခံရသူများကို နာဂါဆာကီသို့ မပို့ဆောင်မီတွင် ဘယ်ဘက်နားရွက်ကို ဖြတ်တောက်လေသည် (မူလပြစ်ဒဏ်မှာ နှာခေါင်းနှင့် နားရွက်နှစ်ဖက်စလုံး ဖြတ်တောက်ရန် ဖြစ်သည်)။
အပိုင်း (၉) ဆက်ရန်
