ယေရှုကို ကိုးစားသူ - ဒီစီ တော့

အို ထာဝရဘုရား၊ အကျွန်ုပ်အား သမ္မာတရားကို ပြသတော်မူပါ

ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM

၁၉၆၇ ခုနှစ်သို့ရောက်သော် မျိုးဆက်တခုလုံးသည် လူ့အဖွဲ့အစည်း၏ ရိုးရာအစဉ်အလာ နှုန်းစံတန်ဖိုးများမှ ခွဲထွက်ကာ အဖြေများကို ရှာဖွေရင်း ဆန်ဖရန်စစ္စကိုမြို့ရှိ ဟိုက်အက်(ရှ်)ဘဲရီ ခရိုင်သို့ စုပြုံကာ ရောက်ရှိလာကြသည်။ လွတ်လပ်စွာ တွေးခေါ်ရန်နှင့် ယဉ်ကျေးမှုဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် ဘေးမဲ့နေရာအဖြစ် ကြော်ငြာထားသည့် ထိုနေရာသည် အမှန်တကယ်တွင် မူးယစ်ဆေးဝါး၊ မုဒိမ်းမှု၊ အပြစ်မဲ့ပြည်သူများကို အနိုင်ကျင့်စော်ကားခြင်း၊ ဂိုဏ်းဖွဲ့ကာ ရာဇဝတ်မှုကျူးလွန်ခြင်း၊ စိတ်ကူး၍ နိုင်သမျှသော ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အယူဝါဒတိုင်းအတွက် လူသစ်စုဆောင်းရာနေရာ၊ မြွေတွင်းသဖွယ် ဖြစ်နေလေသည်။

ဤသို့သော နေရာသို့ ကန့်ဖီးလော့တ် အမည်ရှိသော လူငယ်တဦးသည် ဘုရားသခင်၏  နှိုးဆော်ခြင်းကို ခံစားရသဖြင့် ဧဝံဂေလိတရားဝေငှရန် သွားရောက်လေသည်။ ၁၉၆၇ ခုနှစ်၊ ဧပြီလတွင် သူသည် ဟိန္ဒူဘာသာ၏ အထွဋ်အမြတ်ဖြစ်သော ခရစ်ရှ်နာ ဉာဏ်အလင်း (Krishna Consciousness) အကြောင်း ဟောပြောသွန်သင်နေသော ဒေးဗစ်ဟိုရိဒ်နှင့် ဆုံတွေ့လေသည်။ သူတို့နှစ်ဦးသည် သမ္မာတရားနှင့် ဝိညာဉ်ရေးရာအကြောင်းကို လပေါင်းများစွာ အပြန်အလှန် ငြင်းခုံဆွေးနွေးကြရာ နှစ်ဖက်စလုံးမှ မိတ်ဆွေများနှင့် ထောက်ခံသူများကိုပါ စကားဝိုင်းသို့ တဖြည်းဖြည်းပါဝင်လာသည်။

ကန့်၏ ပွင့်လင်းသော ဆွေးနွေးချက်နှင့်အတူ ဒေးဗစ်၏ သမ္မာတရားကို စိတ်ရင်းမှန်ဖြင့် ရှာဖွေခြင်းကြောင့် ဒေးဗစ်သည် သူယခင်က မှန်သည်ဟု ခံယူထားသော အရာများအပေါ်တွင် သံသယစိတ်ဖြစ်ပေါ်ကာ မရေမရာ ဖြစ်နေလေသည်။ တညတွင် စိတ်ပျက်အားငယ်စွာဖြင့် ဒေးဗစ်သည် ဘုရားသခင်အား အော်ဟစ်ဟာ အကူအညီတောင်းခံသည်။ "အို ထာဝရဘုရား၊ အကျွန်ုပ်အား သမ္မာတရားကို ပြသတော်မူပါ။ ယေရှုခရစ်၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင် အကျွန်ုပ်၏ အသက်တာထဲသို့ ဆင်းကြွတော်မူပါ။ အကျွန်ုပ်ကို ခွင့်လွှတ်ပြီး ကုသပေးတော်မူပါ။"

ဒေးဗစ်သည် ဒမာသက်မြို့သို့သွားရာ လမ်းပေါ်တွင် ရှင်ပေါလု ကြုံတွေ့ရသကဲ့သို့ စက္ခုအလင်းကို ကွယ်စေနိုင်သော ရုတ်တရက် အလင်းရောင်တစ်ခု ပေါ်လာပြီး ယေရှုသည် သူ့ကို လွတ်မြောက်စေရန် ကမ္ဘာမြေသို့ စေလွှတ်လိုက်သော ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို နားလည်သဘောပေါက်သွားစေသည်။ ယေရှုသည် အသက်ရှင်လျက်ရှိပြီး လောကလူသားအားလုံးအတွက် စစ်မှန်သော ကယ်တင်ရှင်ဖြစ်သည်။ ယေရှုသာလျှင် လောကီလူသားများကို အမှန်တကယ် လွတ်မြောက်စေနိုင်သူဖြစ်သည်။ ဒေးဗစ်သည် ထိုနေရာတွင်ပင် ခရစ်ယာန်တစ်ဦး ဖြစ်လာတော့သည်။

ထိုအဖြစ်အပျက် ဖြစ်ပြီးနောက် မကြာမီတွင် ကန့်နှင့် ဒေးဗစ်တို့နှစ်ဦးသည် ဟိုက်အက်(ရှ်)ဘဲရီ ခရိုင်တွင် ပထမဦးဆုံသော သာသနာပြုသူများဖြစ်လာကြပြီး အဖြေအသစ်များ ရှာဖွေရန် လာရောက်သူများကို ဟောပြောသွန်သင်ခြင်းအမှု ပြုကြလေသည်။ သူတို့နှစ်ဦး၏ ကြိုးပမ်းအားထုတ်ချက်နှင့်အတူ ပေါ်ပေါက်လာသော အခြားသူများ၏ လုပ်ဆောင်ချက်များမှစ၍ ယေရှုလှုပ်ရှားမှု (Jesus Movement) ဟု လူသိများသော နိုးထမှုလှိုင်းလုံးသည် စတင်လေသည်။ သူတို့သည် "Jesus Freaks" ဟု အမည်ပေးသော ပထမဆုံးသော တော်လှန်ရေးသမားများ ဖြစ်ကြလေသည်။

အပိုင်း (၂) ဆက်ရန်