သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း
ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM
သမ္မာတရား ဆိုသည်မှာ အဘယ်နည်း
ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်မှန်သလောဟု မေးသော်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့်စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကိုနားထောင်ကြသည်ဟု မိန့်တော်မူ၏။ ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တစ်ဖန် ယုဒလူတို့ရှိရာသို့ထွက်၍၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့။ ယေရှုနှင့် ပိလတ်မင်း အပြန်အလှန်ပြောဆိုချက် (ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၈:၃၇–၃၈)
ဤအပြန်အလှန်ပြောဆိုမှုသည် အမှောင်ဖုံးလွှမ်းနေသော ကမ္ဘာမြေကြီးအား သမ္မာတရားအကြောင်း ဟောကြားခြင်း၏ အနှစ်ချုပ်ဖြစ်လေသည်။
"ဒီနေရာမှာ သမ္မာတရားရှိတယ်။ မင်းရှေ့မှာပဲ"
"ဘယ်သမ္မာတရားလဲ"
ဝိညာဉ်မျက်စိကန်းသူများသည် သမ္မာတရားကို မြင်တွေ့နိုင်မည်မဟုတ်ပေ။ သမ္မာတရားကို ဆာငတ်သူများသာ မြင်တွေ့နိုင်မည်ဖြစ်သည်။ အများစုမှာ သမ္မာတရားကို ဆာငတ်နေမှန်း မသိဘဲ ဖြစ်နေကြသော်လည်း အချို့မှာ သမ္မာတရားကို ကြိုးစား၍ ဖွေရှာကြသော်လည်း သမ္မာတရားနှင့် နီးစပ်ခွင့်ပင် မရရှိကြပေ။ ဤတွင် သမ္မာတရားကို ကောင်းစွာသဘောပေါက်သူများသည် ထိုသူများကို ပြန်လည်မျှဝေရန် တာဝန်ရှိလာသည်။ ဧဝံဂေလိသတင်းစကားကို ကြားနာရသူသည် ကယ်တင်ခြင်း သတင်းကောင်းကို လက်ခံမည်၊ လက်မခံမည်မှာ ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်သည်။ အကယ်၍ ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်မည်ဆိုလျှင် ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် သမ္မာတရားအလင်းကို ဖော်ပြပေးမည်ဖြစ်သည်။
သမ္မာတရားကို နားလည်ရန် ခက်ခဲသည့်အကြောင်းမှာ ယုံကြည်ချက်၊ ထုတ်ပြန်ချက် (သို့မဟုတ်) ရိုးရှင်းစွာ မှတ်သားထားနိုင်သော သင်္ချာဖော်ြမူလာကဲ့သို့ တသမတ်တည်း ဖြစ်နေသော စာရင်းဇယား မဟုတ်သောကြောင့်ဖြစ်လေသည်။ သမ္မာတရားသည် အတွေးအခေါ် ဒဿနနှင့်ဆိုင်သော စနစ်တစ်ခု (သို့မဟုတ်) ကြိုးစားလျှင် ရောက်ရှိနိုင်သည့် ပန်းတုံးတိုင်ခရီးတခုလည်း မဟုတ်ပေ။ သမ္မာတရားကို သိခြင်းသည် ယေရှုခရစ်အကြောင်းကို သိရှိခြင်းဖြစ်ပြီး သမ္မာတရားအတိုင်း လိုက်လျှောက်အသက်ရှင်ခြင်းသည် ခရစ်တော်၏ သွန်သင်ချက်အတိုင်း လိုက်နာကျင့်ကြံခြင်းဖြစ်သည်။ လူပုဂ္ဂိုလ်တဦးကို သိကျွမ်းရန် အချိန်ယူရသကဲ့သို့ ယေရှုကို သိကျွမ်းရန်မှာလည်း အချိန်ယူရသည်။ သမ္မာတရားကို ရင်းနှီးကျွမ်းဝင်သည်ဟု ဆိုရာတွင် နေ့စဉ်နှင့်အမျှ ခရစ်တော်နှင့် တွေ့ဆုံခြင်း၊ ခရစ်တော်နှင့်အတူ လျှောက်လှမ်းခြင်း၊ ခရစ်တော်နှင့်အတူ မိဿဟာရပြုခြင်း၊ ခရစ်တော်၏ စကားသံကို နားထောင်ခြင်း၊ ခရစ်တော်နှင့် အတူပါရှိခြင်းအပြင် ခရစ်တော်၏ မိန့်မှာချက်များကို နာခံလိုက်လျှောက်ခြင်းများကို လုပ်ဆောင်လိုက်နာခြင်းဖြစ်လေသည်။
ခရစ်တော်ကို သိကျွမ်းရန် ထာဝရကာလပတ်လုံး အချိန်ယူရစေကာမူ လုပ်ဆောင် ထိုက်ပေသည်။ ယေရှုခရစ်ကို သိကျွမ်းရန် စိတ်အားထက်သန်နေပါက ခါးသီးသော ဘဝအခြေအနေ၊ ရွံမုန်းခြင်းအလေ့အလာ၊ စိတ်ဓာတ်ကျခြင်း၊ ရာထူးအာဏာ တပ်မက်ခြင်း၊ အခြားသူများကို အပြစ်စီရင်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းအတွက် အချိန်ရှိတော့မည်မဟုတ်ပေ။ အကယ်၍ သမ္မာတရားကို ရှာဖွေရန်နှင့် ယေရှု မိန့်တော်ချက်အတိုင်း လိုက်နာကျင့်ကြံရန် အချိန်မရဘူးဆိုပါက ကျွန်ုပ်တို့တွင် ဘယ်သောအခါမျှ ဖြေရှင်း၍ မဆုံးနိုင်သော ပြဿနာနွံတွင် နစ်နေမည်ဖြစ်သည်။ အချိန်အကြာကြီး ဖြေရှင်းရမည့် ပြဿနာများစွာလည်း ရှိနေပေဦးမည်။
ဘုရားမပါဘဲ သမ္မာတရားကို အဘယ်က ရှာဖွေတွေ့ရှိဖူးပါသလဲ။ ခရစ်တော်မပါဘဲ ဘုရားသခင်ကို မည်သူတွေ့ဖူးပါသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်မပါဘဲ ခရစ်တော်ကို မည်သူက စူးစမ်း၊ စစ်ဆေးဖူးပါသနည်း။ နက်နဲသော ယုံကြည်ခြင်းဆုကျေးဇူးမပါဘဲ သန့်ရှင်းသော ဝိညာဉ်တော်ကို မည်သူက ရရှိလက်ခံဖူးပါသနည်း။
တာတူလီယန် (Tertullian)
ခရစ်ယာန်ခေါင်းဆောင်နှင့် ဘာသာရေးကာကွယ်သူ
ခရစ်နှစ် ၁၅၀ - ၂၂၉ ခန့်
ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
(ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၄:၆)
အပိုင်း (၄) ဆက်ရန်
