ရင်ဆိုင်လိုက်ပါ

"လာ... ဂျိမ်းစ်။ နှင်းတောထဲ သွားဆော့ရအောင်။"
ဂျိမ်းစ်သည် ဇဝေဇဝါပုံစံဖြင့် ဦးခေါင်းကို မော့လိုက်သည်။ အစ်ကိုဖြစ်သူမှာ နှင်းကာဘောင်းဘီ အခန့်သားနှင့် ဖိနပ်စီးရန်ပြင်နေလေသည်။
“အေး... သွားမှာပါ။ ဒါပေမယ့် အရမ်းကြိးမအေးဖို့ ဆုတောင်းတယ်ကွာ။ အေးလွန်းတာကြီးကို မကြိုက်ဘူး။ ငါတော့ နွေရောက်စေချင်ပြီကွာ"
ညီနည်းတူ အဲရစ်လည်း ညည်းညူချင်လာသည်။ ထိုအခိုက် ဖခင်ဖြစ်သူ ရောက်လာကာ "တို့သားအဖသုံးယောက် အတူတူ နှင်းလျှောစီးစို့"ဟု စကားစလေ၏။ အုပ်ထိန်းသူကိုယ်တိုင် အတူရှိနေပြီဖြစ်၍ မည်သည့်အတွက်ကြောင့်များ ညည်းညူရပါအံ့နည်း။ အဲရစ်၏ ညစ်ထေးနေသော စိတ်များလည်း လွင့်ပါးသွားတော့သည်။
လွန်ပြီးသော နွေညများတွင် ညီအစ်ကိုနှစ်ယောက် ဆောင်းကို တောင့်တခဲ့ကြသည်။ သို့ကြောင့် ယခုအချိန်တွင်မူ ညည်းညူနေရမည်မဟုတ်။ ပျော်ရွှင်စွာ ဖြတ်သန်းရမည်။
"မကြာခင် နွေရောက်တော့မယ်။ ဆောင်းတွင်းရောက်တုန်းလေး ပျော်ပျော်နေကြရအောင်။”
အဲရစ်သည် ဝင်းတံခါးမှ ထွက်၍ ဂျိမ်းစ်ကို ပြောနေခြင်းဖြစ်သည်။

ညီအစ်ကိုနှစ်ယောက် ကျောင်းစာနှင့်အတူ နွေရာသီ လှုပ်ရှားမှုများဖြင့် ဇယ်ဆက်နေသည်။ ကစားရန်နှင့် အနားယူရန်ပင် အချိန်လုနေရသည်။

ဂျိမ်းစ်သည် အလုပ်များသည့် ပျိုးကြဲချိန်ကို ကျော်လွန်နိုင်ရန် အားထုတ်လျက်ရှိ၏။
"ဟူး... အရာအားလုံး ဖြည်းဖြည်းနှေးနှေးသာ ဖြစ်ရင်တော့လား။ ပျိုးကြဲချိန် မြန်မြန် ကုန်ချင်တယ်ကွာ။ ဒါမှလည်း ဒီနွေဦးမှာ နားနားနေနေ နေနိုင်မှာ။”
အဲရစ်သည် ပေါက်ပြားဖြင့် မြေကျင်းတူးနေသည်ကို ခေတ္တရပ်ကာ ညီဖြစ်သူ၏ စကားဂယက်ကို စဉ်းစားခန်းဝင်လေ၏။
"ငါတို့ လုပ်နိုင်စွမ်းအားထက် ပိုသာလွန်းတာမျိုးကို အဖေက သေချာပေါက်ခိုင်းမှာမဟုတ်ဘူး။ အဖေက ငါတို့ကိုလည်း ချစ်တယ်ဆိုတော့ ဒီလို ခက်ခဲပင်ပန်းတဲ့ အလုပ်မျိုး လုပ်ခိုင်းတာ အကြောင်းရှိရမယ်။ ဒီအလုပ်က ငါတို့ညီအစ်ကိုနှစ်ယောက်စလုံးရဲ့ ဘဝလိုအပ်ချက်အတွက် ဖြစ်လိမ့်မယ်။ ငါတော့ ဒီအလုပ်ကို ပျော်ပျော်ကြီး လုပ်မယ်ကွာ”

"တကယ်တော့ အကုန်လုံးပြီးစီးအောင် ငါတို့ လုပ်နိုင်မှာ မဟုတ်ဘူး။" ဂျိမ်းစ်၏ အဆိုကို အဲရစ် သဘောပေါက်သည်။ မပြီးပြတ်သေးသော အလုပ်ဝန်ထုပ်ကြီးကို ထမ်းဆောင်ရန် အဲရစ်တွင် တာဝန်ရှိလေပြီ။ ဤတွင် "အရာအားလုံးကို မည်သို့ ပြီးစီးအောင် စီမံရမည်မှာ ဖခင်၏ တာဝန်ဖြစ်၍ မိမိ၏တာဝန်သည် အလုပ်တိုင်းကို စိတ်နှလုံးကောင်းဖြင့် လုပ်ဆောင်ရန်သာဖြစ်သည်။"ဟု နှလုံးသွင်းလေ၏။

နွေဦးလွန်၍ နွေဖန်ဖန် ရောက်လေပြီ။ သီးနှံများကို ရေလောင်းပေါင်းသင်ရန်နှင့် မြက်နှုတ်ရန်သာ ရှိတော့သည်။
အလုပ်ပါးခြင်းနှင့်အတူ နွေအပူသည် ညီအစ်ကိုနှစ်ဦးပေါ်တွင် ကကြိုးဆင်လျက်။
ဂျိမ်းစ်သည် အပူဒဏ်သက်သာရန် ညည်းညူလျက်ပင်။
အဲရစ်မှာမူ အလုပ်ပါးသော နွေနေ့ခင်းများကို ဖခင်နှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းလျက်ရှိသည်။
ဉာဏ်၊ အစွမ်းသတ္တိ၊ လောကဓံတရားကို ဖခင်၏ ချစ်ခြင်းမေတ္တာနှင့် ဥတုခွင်က လိမ်မာပါးနပ်စွာ သင်ကြားပို့ချပေးလိမ့်မည်ဟု အဲရစ်သည် ယုံကြည်သည်။
လေနုအေးချိန်တွင်လည်း ဖခင်၏ အလုပ်စားပွဲနားတွင် အလုပ်များကို လုပ်ဆောင်လျက်ရှိလေ၏။

"ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီးတို့ကို ပြုရသောအချိန်ရှိ၏။" (ဒေသနာကျမ်း ၃:၁)

Katherine Loop ရေးသားသော Enjoy the Season! ကို ဆီလျော်အောင် မြန်မာပြန်ဆိုသည်။

Devoship Translation Team