လူငယ်များဟာ ဘဝအဓိပ္ပာယ်ကို ရှာဖွေနေကြတယ်ဆိုတာကို YouGov က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုမှာ တွေ့ရှိရပါတယ်။
အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား၊ ၃၇ ရာခိုင်နှုန်းဟာ ဘုရားသခင်ကို ယုံကြည်တယ်လို့ ဖြေဆိုထားကြပါတယ်။
ဝိညာဏပိုင်းကို လက်ခံတဲ့ စစ်တမ်းဖြေဆိုသူတွေဟာ ယေရှုကို ယုံကြည်မှုမှာတော့ တုန့်ဆိုင်းနေကြပါတယ်။
ယေရှုဟောကြားတော်မူတဲ့ ဧဝံဂေလိတရားကို နားထောင်လိုသော်လည်း ယေရှုကို ဘုရားသခင်ဆီရောက်ဖို့ လမ်းကြောင်းတခုအဖြစ် ရှုမြင်ထားကြပါတယ်။
ယေရှုသာလျှင် လမ်းခရီးဖြစ်ခြင်းအပြင် ဘုရားသခင်ဆီရောက်ဖို့ လမ်းကြောင်းတခုအဖြစ် သတ်မှတ်ခြင်းဟာ ခွဲခြားမှုနဲ့ မာန်မာနကြီးရာ ရောက်ပါတယ်။
သို့ပေသိ ယေရှုလုပ်ဆောင်ခဲ့တဲ့အရာတွေနဲ့ သမိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်ချက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့ သူ့ရဲ့ ထူးခြားမှုကို တွေ့ရှိရပါတယ်။
ပြဿနာ (အပြစ်)
ကမ္ဘာပေါ်မှာရှိတဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ သာသနာအားလုံးနီးပါး လက်ခံသဘောတူထားတဲ့ အချက် (၂)ချက်ရှိပါတယ်။
(က) ဖန်ဆင်းရှင်ရှိခြင်း
(ခ) မိမိ ကိုယ်တွင်းနှင့် ကမ္ဘာကြီး ယိုယွင်းပျက်စီးနေခြင်း (သမ္မာကျမ်းစာမှာတော့ အဆိုပါကိစ္စကို အပြစ်လို့ ဆိုပါတယ်)
ဒီလိုပျက်စီးမှုတွေကို ဝိနည်း၊ အလေ့အထ၊ တရားရှုမှတ်ခြင်း၊ ကောင်းမှုကုသိုလ်ပြုခြင်း စတာတွေနဲ့ ဖြေရှင်းကြပေမဲ့လည်း ဘယ်အရာကမှ ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့ ပြဿနာ (အပြစ်)ကို ဖြေရှင်းမပေးနိုင်ပါဘူး။
“အပြစ်၏ အခကား သေခြင်းပေတည်း” လို့ ရောမ ၆:၂၃က မှာ ဖော်ပြထားပါတယ်။
လမ်းခရီး
ယုံကြည်မှုဆိုင်ရာ လမ်းပြသူတွေဟာ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လို ဉာဏ်အလင်းပွင့်အောင် လုပ်ရမယ်ဆိုပြီး လမ်းညွှန်တတ်ကြပါတယ်။
ယောဟန် ၁၄:၆ မှာ "ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ"လို့ အတိအလင်း ဆိုထားပါတယ်။
စိတ်ကူးနဲ့ အတွေးအခေါ် ပေါ်မှာ အခြေပြုခြင်းမရှိတဲ့ သမ္မာတရားဟာ ယေရှုဆီမှာ ဘုန်းထင်ရှားတယ်။
လက်ဝါးကပ်တိုင်
လူအနည်းငယ်ကသာ လူကောင်းတဦးအတွက် ကိုယ်စားအသေခံဖို့ ဆန္ဒရှိနိုင်ပေမယ့် ယေရှုကတော့ လူသားအားလုံးရဲ့ အပြစ်ကြွေးကို ပေးချေဖို့ ကိုယ်စား အသေခံပေးခဲ့တယ်။
ယေရှုဟာ ဘယ်လူသားမှ မလုပ်နိုင်တဲ့အရာကို လုပ်ဆောင်ခဲ့တယ်။
လူသားအားလုံးရဲ့ အပြစ်တွေကို သယ်ဆောင်ပြီး ကိုယ်စား အသေခံခဲ့တယ်။
သခင်ယေရှုဟာ လက်ဝါးကပ်တိုင်မှာ လူသားအားလုံးရဲ့ အပြစ်ကြွေးအားလုံးကို အကုန်အဆင် ချေဖျက်ပေးခဲ့တယ် (ကောလောသဲ ၂:၁၃-၁၄၊ ဟေဗြဲ ၇:၂၇)။
သေခြင်းမဇ္ဇူမာရ်ကိုလည်း အောင်မြင်ပြီး သေခြင်းကနေ ထမြောက်ခဲ့တယ် (၁ ပေတရု ၂:၂၄၊ ၂ ကောရိန္သု ၅:၂၁၊ ရောမ ၃:၂၄-၂၅)။
သူ့ရဲ့ ဖြောင့်မတ်ခြင်းဝတ်လုံကိုလည်း ဝတ်ဆင်စေခဲ့တယ် (ရောမ ၅:၇-၈)။
"အမှုပြီးပြီ" (ယောဟန် ၁၉:၃၀) ဆိုခြင်းဟာ ဘုရားသခင်ရဲ့ အလိုတော်ကို ဝန်ခံခြင်းနဲ့အတူ လိုက်လျှောက်ခြင်းခရီးစဉ် ပြီးဆုံးသွားခြင်းကို ဆိုလိုတယ်။
ရောမ ၆:၂၃ခ မှာ တမန်တော်ကြီး ရှင်ပေါလုက "ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။"လို့ မှတ်ကျောက်တင်ထားပါတယ်။
ကယ်တင်ခြင်းဆိုတာ အကျင့်အားဖြင့် ရရှိခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်အားဖြင့် ရရှိတဲ့ ထာဝရ အခမဲ့လက်ဆောင်ဖြစ်တယ်။
လူသားတွေရဲ့ အားထုတ်ကြိုးပမ်းခြင်းကြောင့်မဟုတ်ဘဲ ယေရှုခရစ်တော်ရဲ့ အသေခံခဲ့ခြင်းကြောင့်သာ လူသားတွေဟာ အဖဘုရားသခင်နဲ့ ပြန်လည်ရင်းနှီးခွင့် ရရှိခြင်းဖြစ်တယ် (ဧဖက် ၂:၈-၉)။ ဒီအချက်ဟာ အခြားသော ကိုးကွယ်ယုံကြည်မှုများနဲ့ ကွဲပြားခြားနားပါတယ်။
ဘုရားသခင်ဆီ ရောက်ရှိအောင် အားထုတ်ကြိုးပမ်းခြင်း မဟုတ်ဘဲ ဘုရားသခင်က နှိမ့်ချ၊ ပေးဆပ်တဲ့မေတ္တာနဲ့ လူသားတွေဆီကို ဆင်းကြွလာခြင်း ဖြစ်တယ် (၁ ယောဟန် ၄:၁၀၊ ၁ ယောဟန် ၄:၁၉၊ ဖိလိပ္ပိ ၂:၆-၈)။
လူသားအားလုံးဟာ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကြောင့်သာ ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့အတူ ချစ်ခြင်းမေတ္တာကို ခံစားကြရပြီး ဘုရားသခင်ရဲ့ သားသမီးများအဖြစ် ခေါ်ဆိုခြင်းအခွင့်ကိုပါ ရရှိသွားကြပါတယ် (ရောမ ၅:၁၊ ယောဟန် ၁:၁၂၊ ဂလာတိ ၄:၆-၇)။(ရောမ ၅:၁၊ ယောဟန် ၁:၁၂၊ ဂလာတိ ၄:၆-၇)။
ရှင်ပြန်ထမြောက်ခြင်း
အယူဝါဒသခင်များဟာ သင်္ချိုင်းဂူကို မလွန်နိုင်သော်လည်း ယေရှုတပါးတည်းသာလျှင် သေဆုံးခြင်းကို အောင်နိုင်ခဲ့တယ် (မဿဲ ၂၈:၆)။
သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဟာ ဒဏ္ဍာရီသက်သက် မဟုတ်ဘဲ သမိုင်းမှတ်တိုင်ဖြစ်ပါတယ်။
ဘုရားသခင်ရဲ့ သားတော်အဖြစ် သက်သေပြခြင်းဖြစ်ပြီး ထာဝရအသက်ရရှိဖို့အတွက် ကယ်တင်ခြင်းကို အတည်ပြုပေးခြင်းဖြစ်တယ် (ရောမ ၁:၄၊ တမန်တော် ၂:၃၂၊ ၁ ပေတရု ၁:၃၊ ယောဟန် ၁၄:၁၉ခ)။
၁ ကောရိန္သု ၁၅:၁၇ မှာ "'ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။" လို့ ဖော်ပြထားပါတယ်။
ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ခြင်းဟာ အရာအားလုံးကို ပြောင်းလဲစေခဲ့တယ်။
လမ်းခရီး၊ သမ္မာတရားနှင့် အသက်
ယေရှုဟာ တခုတည်းသော လမ်းခရီး၊ သမ္မာတရားနှင့် အသက်ဖြစ်တာကြောင့် လူသားအားလုံး ယုံကြည်လိုက်လျှောက်နိုင်ပါတယ်။
အတိတ်ကာလမှာ ဘယ်လိုပဲနေထိုင်ခဲ့ပါစေ၊ ရိုးရာနောက်ခံတွေ ဘယ်လိုပဲရှိနေပါစေ ယေရှုက သူ့အထံတော်ကို ဖိတ်ခေါ်လျက်ရှိပါတယ်။
ရောမ ၁၀:၁၃မှာ "အကြောင်းမူကား၊ ထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။" လို့ဆိုထားပြီး ယောဟန် ၃:၁၆ မှာတော့ "ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။" လို့ မြွက်ပါတယ်။
သခင်ယေရှုရဲ့ မြွက်ဆိုချက်ဟာ သမ္မာတရားဖြစ်ပြီး သူ့ရဲ့လက်ရုံးတော်ဟာ ချစ်ခြင်းမေတ္တာနဲ့ ပြည့်ဝတယ်။
နိဂုံးအကျဉ်း
လူတွေက "ဘာကြောင့် ယေရှုသာလျှင် လမ်းခရီးဖြစ်ရတာလဲ" ဆိုခြင်းဟာ အမြင်ကျဉ်းမြောင်းခြင်းမဟုတ်ဘဲ သခင်ယေရှုဖြစ်ခြင်းရဲ့ ထူးခြားချက်ကို မေးခွန်းထုတ်ခြင်းသာဖြစ်ပါတယ်။ အဘယ် ပုဂ္ဂိုလ်တဦးတယောက်ကမှ သူ့ကိုယ်သူ ဘုရားသခင်ပါလို့ မကြေညာသလို လူသားတွေရဲ့ အပြစ်တွေအတွက်လည်း ကိုယ်စား အသေမခံပါဘူး။ သေလွန်ပြီးနောက်လည်း ရှင်ပြန်မထမြောက်ပါဘူး။ လူသားတွေကို ချွင်းချက်မရှိ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ ထာဝရအသက်ကိုလည်း မပေးနိုင်ပါဘူး။
ရွေးချယ်စရာ လမ်းအားလုံးဟာ အဓိပ္ပာယ်ရှိတဲ့ ဘဝကို ပြညွှန်နိုင်ပေမယ့် ယေရှုခရစ်ကသာလျှင် ဖန်ဆင်းရှင် ဘုရားသခင်ဆီ ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဘာသာပြန် - Devoship Translation Team
မူရင်း - Why is Jesus the only way? (Obianuju Mbah)