သင့် နာမည်ဘယ်လိုခေါ်ပါသလဲ?

ကလေးတဦးမွေးဖွားလာသောအခါ မိဘများလုပ်ဆောင်ရသောတာဝန်များစွာမှ တာဝန်တခုမှာ ကလေးငယ်အား နာမည် မှည့်ပေးရခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် မိဘတိုင်းသည် မိမိကလေး၏နာမည်အား လှပပြီး အဓိပ္ပါယ်ပြည့်ဝသောနာမည် ပေးလေ့ရှိကြသည်။ ဗမာတို့မူ နေ့နံကိုလိုက်၍ ကလေးအား နာမည်ပေးလေ့ရှိသည်။ ဥပမာ တနင်္လာဖွားများကို “က၊ ခ၊ ဂ၊ ဃ၊ င”က တခုခုဖြင့်စပြီး နာမည်ပေးရသည်။ ချင်းလူမျိုးများသည်လည်း နာမည်ပေးသည့်နေရာတွင် တော်ကြသည်ဟု ကြားဖူးသည်။ နာမည်ဖြင့်ပတ်သက်ပြီး စာရေးသူ၏ လီဆူလူမျိုးများတွင် အိမ်ခေါ်နာမည်အသင့်ပေးရသည့် ရိုးရာဓလေ့ရှိသည်။ ဥပမာ သားဦးကို အားဖူဟုခေါ်ရပြီး ဒုတိယသားကို အာဒီး၊ တတိယသားကို အားခီ စသည်ဖြင့် ခေါ်တွင်သည်။ မိန်းကလေးများကိုမူ အားနာ၊ အားညီ၊ အားချာ စသည့်ဖြင့် မွေးဖွားသည့် ကြီးစဥ်ငယ်လိုက်ကိုလိုက်ပြီး နာမည်သင့်ရှိသည်။ ခရစ်ယာန်အများစုသည် ကျမ်းစာထဲမှ အသင့်ရှိပြီးသား နာမည်ကိုယူပြီး ကလေးအား နာမည်ပေးတတ်ကြသည်။


မည်သို့ပင်ဆိုစေကာမူ မိဘများသည် သူတို့၏သားသမီးများအား ကောင်းမွန်သည့်ရည်ရွယ်ချက်ဖြင့် နာမည်ကောင်းကောင်း ပေးကြသည့်အရာမှာ တူညီကြပါသည်။ ရည်မှန်းချက်ကြီးစွာ သူတို့၏ကလေးများအား အဓိပ္ပါယ် ပြည့်ဝသည့်နာမည်များ မှည့်ပေးကြသော်လည်း သူတို့၏ဘဝသည် နာမည်နှင့် ဆန့်ကျင်ဘက် ဖြစ်လာတတ်ကြသည်ကို တွေ့ရပါသည်။ ဥပမာ နာမည်က မောင်ချမ်းသာ သို့သော် သူသည်အလွန် ဆင်းရဲနေ တတ်သည်။ နာမည်က ပေါလု သို့သော် သူသည်အရက်သမားဖြစ်နေတတ်သည်။ ဤသို့ နာမည်နှင့် ဖြစ်တည်မှု မကိုက်သည့် လူများစွာရှိနေတတ်သည်။ စာဖတ်သူ၏နာမည်နှင့် ဖြစ်တည်မှု ကိုက်ညီနေသလော? 


ဤဆောင်းပါး၌လည်း သူ၏နာမည်နှင့် ဖြစ်တည်မှု ကိုက်ညီမှုမရှိသော လူတဦး၏ အကြောင်းကို တင်ပြလိုသည်။ ထိုသူသည် ဖိလမုန်သြဝါဒစာတွင်ပါသော သြနေသိမ် အမည်ရသူအကြောင်းဖြစ်ပါသည်။ သူ့အကြောင်းအား အကျဥ်းချုပ်တင်ပြရသော် သူသည် ဖိလမုန်ပိုင်သော ကျွန်တဦးဖြစ်သည်။ သူသည် သူ့သခင်ထံမှ ထွက်ပြေးခဲ့သော ကျွန်ဝရမ်းပြေးတဦးဖြစ်ခဲ့သည်။ ထိုခေတ်အခါက ကျွန်ဖြစ်ကြောင်းသိစေရန် ကျွန်များကို အမှတ်အသားလုပ်လေ့ရှိသည်ဟု လေ့လာရသည်။ ထို့ကြောင့် သူ့သခင်ထံက ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဖမ်ဆီးခြင်းခံရပြီး ထောင်ထဲသို့‌လှောင်ထားခြင်းကို ခံခဲ့ရသည်။ ထိုထောင်၌ တမန်တော်ကြီးရှင်ပေါလုနှင့် တွေ့ဆုံကာ ခရစ်တော်ကိုရရှိခဲ့သည်။ သူထောင်မှလွှတ်ခြင်းခံရသောအခါ သူ၏ သခင်ဖိလမုန်ထံသို့ပြန်သွားပြီး သူ၏အပြစ်ကိုဝန်ချခဲ့သည်။ ရှင်ပေါလုလည်း ဖိလမုန်ထံစာတစောင် သြနေသိမ်နှင့်အတူပါးလိုက်သည်။ သြနေသိမ်ဟူသော နာမည်၏အနက်မှာ “အသုံးဝင်သောသူ” ဖြစ်သည်။ သူသည်သူ့နာမည်နှင့်မလိုက် “အသုံးမဝင်သောသူ” ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ၏နာမည်နှင့် ကိုက်ညီမှုမရှိသောသူဟူ၍ စာရေးသူ ဆိုခြင်းဖြစ်သည်။ 


ဖိလမုန်ကျမ်းလေးသည် အခန်းငယ် ၂၅ ပိုဒ်သာပါသည်။ ထိုအနည်းငယ်သောကျမ်းပိုဒ်မှာ သင်ခန်းစာသုံးခုကို ဤဆောင်းပါး၌ တင်ပြထားပါသည်။ ယင်းတို့မှာအောက်ပါအတိုင်းဖြစ်ပါသည်။ 


၁။ သြနေသိမ်၏ဘဝဟောင်း

သူသည်ကျွန်တဦးဖြစ်ခဲ့သည်။ ကျွန်စနစ်နှင့်ပတ်သက်ပြီး Lawrence O. Richards ၏အနက်ပြန်ကျမ်းတွင် ဤသို့ဆိုထားသည်။ ရောမအင်ပါယာတွင် နေထိုင်သူအများစုသည် ကျွန်များဖြစ်သည်။ ကျွန်များကို ပိုင်ဆိုင်မှု ပစ္စည်းတခုအဖြစ်သာ ရှုမြင်ကြပြီး သူတို့၌ကိုယ်ပိုင်အခွင့်အရေးအင်မတန်မှ နည်းပါးလှသည်။ သို့သော် ပထမရာစုတွင် ကျွန်လှုပ်ရှားမှုတရပ် ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ကျွန်ပိုင်ရှင်များသည် ကျွန်အမြောက်အများကို လက်လွှတ်ဆုံးရှုံးခဲ့သည်။ ထို့ပြင် မိမိ၏လုပ်အားခမှတဆင့် မိမိ ဤလွတ်မြောက်မှုကို ဝယ်ယူနိုင်သည့် အခွင့်အရေးကိုလည်းရရှိခဲ့သည်။


သြနေသိမ်သည်ကျွန်ဖြစ်ခဲ့ရသည့်အတွက် သူ၏ဘဝသည် ခက်ခဲကြမ်းတမ်းခဲ့မည်မှာ အမှန်ဖြစ်သည်။ သို့ သော် သူ၏လွတ်မြောက်မှုကို ဝယ်ယူနိုင်သည့်အခွင့်အရေးရှိခဲ့သော်လည်း သူ့သခင်ထံက ထွက်ပြေးရန် သူရွေးချယ်ခဲ့သည်။ ထို့ကြောင့် သူသည်ကျွန်ပြေးဘဝသို့ရောက်ရှိခဲ့သည်။ ထို့ကြောင့် သူသည် သစ္စာမရှိသောငယ် သား၊ အသုံးမဝင်သောကျွန် ဖြစ်ခဲ့ရသည်။ သူ့သခင်ထံက သူလွတ်မြောက်ခဲ့သော်လည်း ကျွန်ဖြစ်ခြင်းမှ သူ မလွတ်မြောက်ခဲ့ပါ။ နောက်ဆုံးတွင် သူအဖမ်းအဆီး ခံခဲ့ရသည်။ 


၂။ သြနေသိမ်၏ဘဝသစ် 

ထောင်ထဲ၌ သူသည် ရှင်ပေါလုနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ ရှင်ပေါလုသည် မည်သည့်နေရာဒေသ၊ မည်သည့် အခြေအနေတွင် ရောက်စေကာမူ ဧဝံဂေလိဟောကြားခဲ့ကြောင်း လေ့လာရသည်။ သူ၏ဟောပြောမှုဖြင့် သြနေသိမ် ပြောင်းလဲလာခဲ့သည်။ အပိုဒ်ငယ်(၁၀)အရ ဖိလမုန်ထံ စာရေးရာတွင် ရှင်ပေါလုက သြနေသိမ်အား သူ၏သားဟု ခေါ်ထားသည်ကိုတွေ့ရသည်။ ဤနေရာတွင် ဝိညာဥ်ရေးပိုင်းဆိုင်ရာ အဖေနှင့်သားဆက်ဆံရေးကို တွေ့ရခြင်းကြောင့် သြနေသိမ်သည် အမှန်တကယ် ခရစ်တော်ကိုရရှိခဲ့သူဖြစ်ကြောင်းသိရသည်။ ထို့နောက် သူ ထောင်ကနေလွတ်မြောက်သွားသည့်အခါ သူ့သခင်ဖြစ်သည့် ဖိလမုန်ထံ ပြန်ခဲ့ခြင်းကြောင့် သူ၌ စစ်မှန်သောနောင်တရှိကြောင်း သိနိုင်သည် (ငယ် ၁၂)။ စစ်မှန်သော လွတ်မြောက်ခြင်း၌ စစ်မှန်သောနောင်တရခြင်း လိုအပ်သည်ဟု စာရေးသူဆိုချင်ပါသည်။ 


တဖက်တွင်လည်း ယေရှုခရစ်တော်ကသာ စစ်မှန်သော လွတ်မြောက်ခြင်းကို ပေးပိုင်ကြောင်း သိရသည်။ ငယ်(၁၆)တွင် ပေါလုက ဤသို့မေတ္တာရပ်ခံထားသည် “ထိုသို့ဆိုသော် အစေခံကျွန်ကဲ့သို့မဟုတ်ဘဲ၊ ငါ၌အထူး သဖြင့်ချစ်သောညီ သင်၌ကား ဇာတိအားဖြင့် သခင်ဘုရားအားဖြင့်၄င်း၊ သာ၍ ချစ်သောညီကဲ့သို့မှတ်ပါ။” သြနေသိမ်သည် သခင်ယေရှုအားလက်ခံလိုက်သည့်ချိန်ကစ၍ သူသည် လွတ်လပ်သောသူဖြစ်လာခဲ့သည်။ 


၃။ စာရေးသူအနေဖြင့် အပိုဒ်ငယ်(၁၁)ကို လွန်စွာနှစ်ခြိုက်သည်။ ထိုအပိုဒ်တွင် သြနေသိမ်သည် အထက်က အသုံးမကျသောသူ (သို့) အသုံးမဝင်သောသူ ဖြစ်ခဲ့သော်လည်း ယခုချိန်တွင် ဖိလမုန်အတွက်သာမက ရှင်ပေါလုအတွက်ပါ အသုံးဝင်သောသူဖြစ်လာသည်။ ဤမျှသာမက သြနေသိမ်သည် သခင်ယေရှုအတွက်လည်း အသုံးဝင်သောသူဖြစ်လာခဲ့ကြောင်း ကောလသဲ ၄း၇-၉ အရသိရသည်။ သြနေသိမ်သည် သင်းထောက်ကြီးတဦးဖြစ်လာခဲ့သည်ဟု အသင်းတော်သမိုင်းတခုတွင် မှတ်တမ်းတင်ထားသည်။ ရံဖန်ရံခါ မိမိတို့သည်လည်း မိမိမိသားစု၊ အသင်းတော်နှင့် အသိုက်အဝန်းအတွက် အသုံးတည့်သောသူတဦး ဖြစ်ခဲ့ကောင်းဖြစ်မည်။ သို့သော် ထိုအရာကို ပြောင်းလဲနိုင်ကြောင်း သြနေသိမ်က အားပေးနေပါသည်။ 


သြနေသိမ်ထံက ရရှိသော သင်ခန်းစာတချို့ကို ကောက်နှုတ်ရသော်

ပထမသင်ခန်းစာက ယနေ့ခေတ် အချိန်အခါတွင် ကျွန်စနစ်ရယ်လို့ မရှိသည်မှာမှန်သော်လည်း ဝိညာဥ်ရေးရာတွင်မူ ကျွန်ခံနေခြင်းမျိုးရှိသည်။ လူသားအများစုသည် အပြစ်နှင့် စာတန်မာရ်နတ်၏ကျွန်ပြုခြင်းကိုခံရနေသည်။ ( ၂ ပေ ၂း၁၉)။ “လူကိုနိုင်သောအရာသည် လူ၏သခင် ဖြစ်၏” ဟုဆိုထားခြင်းကြောင့် မိမိသည် မည်သည့်အရာ၏ လွှမ်းမိုးမှု ကျွန်ပြုမှုကို ခံရနေသည်ကို သတိချပ်ပါလေ။ 

သြနေသိမ်သည် သူ့သခင်ထံမှ အဝေးသို့ ထွက်ပြေးသော်လည်း ကျွန်ဖြစ်ခြင်းက သူ့နောက်သို့ အရိပ်သဖွယ် လိုက်နေခဲ့သည်။ သို့သော် ကျွန်ဖြစ်နေခြင်းကို သူ၏ကြိုးစားမှုဖြင့် မလွတ်မြောက်နိုင်ခဲ့ပါ။ ယေရှုသာလျှင် စစ်မှန်သော လွတ်မြောက်မှုကို ပေးပိုင်သည်ဆိုခြင်းသည် ဒုတိယသင်ခန်းစာဖြစ်သည်။ 

တတိယသင်ခန်းစာက စစ်မှန်သောနောင်တတွင် နောင်တနှင့်ဆိုင်သော သက်သေရှိကြောင်းသိရသည်။ နောင်တရပါပြီဟု ပါးစပ်ဖြင့် ပြောနေကာမျှဖြင့် လုံလောက်မှုမရှိပါ။ လက်တွေ့ သက်သေပြသင့်သည်။ 

သြနေသိမ်သည် ထောင်က လွတ်မြောက်လာသည့်အခါ အခြားနေရာသို့ ဆက်လက်ထွက်မပြေးခဲ့ပါ။ သူ့သခင်ထံပြန်လာပြီး သူ၏အမှားများအတွက် ပေးဆပ်ခဲ့သည်။  “သြနေသိမ်သည် အထက်က အသုံးမကျသောသူ ယခုတွင် ငါနှင့်သင့်အတွက် အသုံးကျသော သူဖြစ်ပြီ” ဟု ရှင်ပေါလုက ရဲရဲကြီး ဤကဲ့သို့အာမခံပေးရဲသည်ထိ သြနေသိမ်ပြောင်းလဲခဲ့သည်။ သူသည် သူ့နာမည်နှင့်လိုက်ဖက်အောင် ပြောင်းလဲနိုင်ခဲ့သည်။ သူကဲ့သို့ သင်နှင့်ကျွန်ုပ်လည်း ပြောင်းလဲနိုင်ပါသည်။


အဒီး (မှော်ဘီ) 



(ဆောင်းပါးရှင် အဒီး(မှော်ဘီ)သည် ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)