မွေးဖွားလာရတဲ့ အချိန်ရှိသလို သေဆုံးရတဲ့ အချိန်ရှိတယ်၊ စိုက်ပျိုးရတဲ့ အချိန်ရှိသလို ရိတ်သိမ်းရတဲ့ အချိန်ဆိုတာရှိတယ်၊ ငိုကြွေးရတဲ့ အချိန်ရှိသလို ဝမ်းမြောက်ရတဲ့အချိန်ရှိတယ်၊ ညဦးယံအချိန်မှနေ နံနက်ယံကိုရောက်လာရသကဲ့သို့ အရာရာဟာ သူ့အချိန်နဲ့သူရှိတယ်ဆိုတာကို နားလည်ရတယ်။ ဒီလိုပဲ သင့်ရဲ့ ဝမ်းနည်းရခြင်းတွေမှသည် ဝမ်းမြောက်ခြင်းသို့ ရောက်ပါစေသော်။
နေဟမိရဲ့ ကာလအချိန်ကို ကြည့်မယ်ဆိုရင် ဖြိုဖျက်တဲ့အချိန်ရှိခဲ့သလို တည်ဆောက်ရတဲ့ကာလရှိတယ်ဆိုတာကို မြင်တွေ့ရပါတယ်။ တည်ဆောက်နေရင်းနဲ့လည်း ကာကွယ်နေရသေးတယ်ဆိုတာကို နားလည်ရတယ်။ ဒီတိုင်းလွှတ်ထားရင် တဖက်က တည်ဆောက်နေပါသော်လည်း တဖက်က ရန်သူတွေရဲ့ တိုက်စားခြင်းကိုခံရဦးပေမည်။ ဒီလိုပဲ ကျွန်တော်တို့ရဲ့ အသက်တာမှာ တည်ဆောက်ရခြင်းတွေရှိသလို ကာကွယ်ရခြင်းတွေရှိရမယ်။
အသင်းတော်တခုမှာဆိုရင် ပိုတောင်တည်ဆောက်ခြင်းနဲ့ ကာကွယ်ခြင်းကို လိုအပ်တယ်ဆိုတာကိုနားလည်ရပါတယ်။ ဘာလို့လဲဆိုရင် ဆိုကြပါစို့၊ လူတစ်ယောက်ကို အဆိပ်ခပ်ရင် တစ်ယောက်တည်းသေမယ်၊ ဆရာဝန်အတုက ဆေးမှားကုရင် သူ့ဆီလာသမျှလူတိုင်းသေမယ် ဆိုပေမယ့် အဲဒီသတင်းကို လူတွေကြားရင် ရှောင်ကြမယ်၊ မှားယွင်းသောဩဝါဒကတော့ ထိုအရာများထက် ပိုဆိုးသေးတယ်ဆိုတာကို ဆင်ခြင်ကြည့်ရင် သင်သိနိုင်ပါတယ်။ ဩဝါဒလွဲတော့ ခံယူချက်လွဲမယ်၊ အသက်တာလွဲမယ်၊ နောက်ဆုံးမှာ ကယ်တင်ခြင်းလမ်းပါ လွဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် ထိုထောက်ပြသော ကာကွယ်သော အသင်းတော်က သင်းအုပ်ဆရာတွေ၊ အမှုတော်ဆောင်တွေ၊ ယုံကြည်သူတွေကို လိုအပ်တယ်ဆိုတာကို နားလည်ရတယ်။ ဒါပေမယ့် သင်ကတော့ ပြောချင်နေမှာပါ ဧဝံဂေလိပြောပါလား ဝေဖန်နေမယ့်အစား လူတွေကို တည်ဆောက်ပါလို့ (အချိန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ) ဆိုပြီး ဆိုကောင်းဆိုချင်ပါလိမ့်မယ်။
သင်ဆင်ခြင်ကြည့်ပါ နေဟမိသည် မြို့ရို့းကို ပြန်လည်တည်ဆောက်တဲ့အချိန်မှာ ကာကွယ်ခြင်းသာ မလုပ်ခဲ့ရင်
(၁)ဘယ်အချိန်မှပြီးဆုံးမယ်ထင်သလဲ
(၂) တောက်ဘက်ကဆောက် မြောက်ဘက်ကပြို
(၃) အရှေ့ဘက်ကယိမ်း အနောက်ဘက်ကသိမ်း၊ မြို့ရိုးဆောက်လိုက် ရန်သူဖြိုလိုက်နဲ့ သမင်မွေးရင်း ကျားစားရင်းဖြစ်နေမှာပါ။ သူ့ရန်သူတွေလက်မှ မြို့ရိုးကိုကာကွယ်ခြင်း ဖြစ်တယ်၊ မဝေဖန်ဘူး၊ ကာကွယ်ခြင်းကို ဝေဖန်တယ်ထင်ရင်တော့မပြောတတ်တော့ပါ။
ဒီလိုပဲ မှားယွင်းသောဩဝါဒကို ကာကွယ်ခြင်းသည် ဝေဖန်ခြင်း လုံးဝမဟုတ်ပါ။
ဧဝံဂေလိသာပြောပြီး မှားယွင်းသောဩဝါဒတွေကို မကာကွယ်ရင်တော့ ပလိုင်းပေါက်နဲ့ဖားကောက်သကဲ့သို့ပင်။ ထိုသူတွေသည် မည်သို့များ တည်ကြည်သော အသီးတွေသီး နိုင်ပါမည်နည်း။ မပိုင်းခြားတတ်၍ ခရစ်ယာန်ခြင်း တူတူပါဟုထင်၍ လွဲသွားသူတွေ ဒုနဲ့ဒေးပင်။ ဧဝံဂေလိပြောရမယ်လို့ သင်ဆိုချင်မယ် ... မှန်ပါတယ် ဒါပေမယ့် တချိန်တည်းမှာပင် မှားယွင်းသောဩဝါဒတွေကိုလည်း ကာကွယ်ရမည်။ နေဟမိကဲ့သို့ တည်ဆောက်ခြင်းကို ကာကွယ်ခြင်းနဲ့ တပြိုင်တည်းလုပ်ဆောင်ရမည့် အချိန်ဆိုတာရှိတယ်ဆိုတာကို နားလည်ရပါတယ်။
ဒါ့ကြောင့် ခေါင်းဆောင်ဆိုသည်မှာ တည်ဆောက်ခြင်းရော၊ ကာကွယ်ခြင်းကိုပါ တပြိုင်တည်း လုပ်ဆောင်ရမည့်အချိန်ကို သိရမည်ဖြစ်ပြီး လိုအပ်လျှင် ဖြိုဖျက်ဖျက်ဆီးချင်၍ ကာကွယ်ခြင်းကို မလိုလားသောရန်သူ သမ္ဘာလတ်ကဲ့သို့သူတွေ (ဩဝါဒအလွဲနောက်လိုက်များ) ၏စကားကို လျစ်လျှူရှုရမည့်အချိန်လည်း ရှိတယ်ဆိုတာကို အနည်းငယ် ဝေမျှပေးလိုက်ချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus Kyaw Nyi