နှလုံးသားကို ဗဟိုပြု၍

 


အတိတ်က လှပဆန်းကျယ်တဲ့ ဖတ်စာအုပ် တအုပ်လိုပဲ။ အဟောင်းလို့ထင်ပေမဲ့ မဖတ်ရသေးတဲ့ လူအတွက်တော့ စာအုပ်အသစ်တအုပ်ပါပဲ။ လက်ရှိပစ္စုပ္ပန်ကတော့ နာရီတလုံးလို အချိန်တွေက ဆက်တိုက် ရွေ့လျားနေခဲ့တယ်။ အနာဂါတ်ကတော့ သက်တန့်တခုလိုပါပဲ။ မိုးရွာပြီးရင် ထွက်လာမှာလား မထွက်လာဘူးလား မသေချာပေမဲ့ စောင့်ကြည့်နေမိတာပါပဲ။ 

အတွေးတွေက ရပ်တန့်ပစ်လိုက်ချစ်ပေမဲ့ ရပ်တန့်လိုက်ရင်လည်း ကိုယ်ခံစားနေရတဲ့ လှပမှုတွေ လိုတိုင်းရနေတဲ့ အရာတွေက ချက်ချင်းပျောက်ကွယ်သွားမှာ အသေအချာပင်။

“အတွေးတွေကို ခဏလောက်ရပ်ပေးလို့ ရမလား” 

တစ်စုံတယောက်ရဲ့မေးသံကြောင့် အတွေးတွေက ရပ်တန့်သွားပြီး လက်ရှိကို ပြန်ရောက်လာခဲ့သည်။ ဘာလဲလို့ ပြန်မမေးရသေးခင် စိတ်ထက်မြန်တဲ့ တစ်စုံတယောက်ကပဲ စကားဆက်လာသည်။ 

“မင်းကိုင်ဆော့နေတဲ့ ဘောပင်က မင်းတွေးသမျှချရေးနေရင်း ခံစားမှုရသတွေ လေးနက်ပြီး အရမ်းကို ဒဿနဆန်တဲ့အတွေးအရေးတွေ ထွက်လာမှာမှန်ပေမဲ့ မေးစရာလေးတခုရယ် ပြောစရာလေး တခုရယ်ရှိနေတယ်”

 “မေးပါ ပြောပါ ရပါတယ်” 

“မေးခွန်းက မနက်ကတည်းက ဘောပင်ကိုင်ပြီး အခုထိ ဘာမှမရေးရသေးဘူးလားဆိုတာပါပဲ” 

“လူတွေ တခါတည်းဖတ်ရုံနဲ့ မှတ်မိသွားစေတဲ့တခုကို စဉ်းစားနေတာ” 

“သြော် အဲလိုလား။ ပြောစရာကတော့ ငါမပြောဘဲ မင်းဘာသာမင်းတွေးပြီး ရေးစေချင်တဲ့စာမျိုးကို ရေးပါလားလို့” 

“မင်းမပြောဘဲ ငါ့ဘာသာရေးရင် မင်းအကြိုက်မဟုတ်ဘဲ ငါ့အကြိုက်ဖြစ်သွားမှာပေါ့။ မင်းထုတ်ေ၀တဲ့စာမှာ မင်းလိုချင်တာ ရေးပေးရမှာပေါ့” 

“မင်းခံစားချက်အစစ်အမှန် လိုချင်တာ” 

“နှလုံးသားကိုဖွင့်ပြီး စဖတ်ကြည့်ပါ။ ငါ့ခံစားချက်ကို မင်းလိုချင်တာနဲ့ ပေါင်းစပ်ထားတာပါ” 

“ဟုတ်ပါပြီ။ မင်းအတွေးရဲ့ အဖြေကိုရော ရခဲ့ပြီလား” 

“အင်း ရခဲ့ပြီ” 

“ဘာများလဲ သိခွင့်ရှိမလား” 

“လူတယောက်ရဲ့ နှလုံးသားကိုဗဟိုပြုပြီးပေါ့။ တစ်စုံတယောက်ရဲ့ နှလုံးသားကို ဗဟိုပြုပြီး ငါ့နှလုံးသားက ထွက်လာသမျှ ချရေးရင် တခြားသူလည်း နှလုံးသားအထိရောက်မယ်လို့ ထင်တယ်” 

“ဟုတ်တာပေါ့။ ဒါဆို မင်းနှလုံးသားကနေ ထွက်လာမဲ့စာကို ငါမျှော်နေပါရစေ” 

“မင်းရထားသမျှက ငါ့နှလုံးသားနဲ့ရင်းပြီး ချရေးထားလို့ မင်းအရင်ကတည်းက ရထားပြီးသားပါ” 

စာရေးသူတယောက်က နှလုံးသားနဲ့ရေးရင် ဖတ်တဲ့လူကလည်း နှလုံးသားနဲ့ခံစားပြီးဖတ်ရင် အဲဒီစာပေက အမြဲလှပနေမှာပါ။ ခံစားချက်နဲ့ရေးရင် စူးနစ်စေတဲ့ခံစားချက်မရဘဲ နှလုံးသားနဲ့ရေးရင်တော့ စူးနစ်တဲ့ ခံစားချက်ကိုရမှာ သေချာသည်။  စာကိုချစ်ပြီး စာရေးဖို့သာ တွေးနေတတ်တဲ့သူငယ်ချင်းကို ကြည့်ရင်း ပြုံးမိသည်။ သူ့အနားမှာ လူတွေ ရှိနေရင်တောင် သူသာတခုခုကို တွေးနေပြီဆိုရင် အနားကအသံတွေ လူတွေက အလိုအလျောက် ပျောက်ကွယ်သွားတတ်တဲ့ လူမျိုးဖြစ်တာကြောင့် တစ်ခါတလေ အရမ်းမတွေးဖို့ ပြောရသည်။ 

“မင်းသိလား” 

“ဟင် ဘာကိုလဲ”

“စာရွက်ပေါ်ချရေးဖို့စာတစုရဖို့ ခေါင်းထဲမှာ စာစီနေတာက ကြာနေတတ်တယ်လေ။ စာလုံးရေ တရာလောက်ရှိမဲ့ စာတကြောင်းကို ခေါင်းထဲက တွေးနေစာစီနေတာတွေသာ အကုန်ချရေးလိုက်ရင် ငါထင်တယ်။ ၀တၳုတိုတပုဒ်က ၀တၳုရှည်တပုဒ်စာလောက်ဖြစ်နေမလားလို့လေ” 

“ဦးနှောက်က သေချာစိစစ်နေတာပေါ့” 

“အင်း… ဟုတ်တယ်” 

“ဟုတ်ပြီ။ ငါနောက်တခါ မင်းဆီက အသစ်အဆန်းတခု လိုချင်တယ်” 

“ဟင် ဘာလို့လဲ” 

“ခုန မင်းပြောတဲ့ အကြောင်းအရာလေ” 

“ဟင် ဘာကိုလဲ” 

“ခုနတွေးမိတာလေ။ ၀တၳုတိုတပုဒ်အတွက် မင်းခေါင်းထဲမှာ စာစီတဲ့အကြောင်းအရာတွေအတိုင်း မစိစစ်ဘဲ ချရေးလိုက်” 

“ဟမ် ဘယ်လို” 

“ဒီလောက်အရှည်ကြီးကို လူတွေနှလုံးသားကို တိုတိုလေးနဲ့ ထိရောက်အောင် စာရေးသူတယောက် ဘယ်လောက်ထိ ဦးနှောက်တွေ စိတ်တွေကို အလုပ်ပေးရလဲဆိုတာမျိုးလေးသိသွားအောင်” 

“လူတွေလေ လူတွေ စာဖတ်မှာက” 

“ဟမ်… ဘာကြီး လူလဲ” 

“ကြိုးစားမှုလို့မထင်ဘဲ ပေါတောတောလို့ ထင်သွားမှာလေ” 

“ဟား ဟား…။ ဟုတ်တယ် အဲဒါတော့ သေချာတယ်” 

“သူတို့နှလုံးသားကိုထိတွေ့ဖို့ ငါတို့နှလုံးသားတွေ စိတ်တွေ အတွေးတွေ နှစ်ထားခဲ့ရတဲ့ အရာကပဲ တန်ဖိုးရှိတာလေ။ ငါတို့ရဲ့ကြိုးစားမှုကို မြင်စရာမလိုဘူး။ နှလုံးသားကိုမြင်ရင်ရပါပြီ” 

သူ့ဘာသာပြောပြီး သူ့ဘာသာပဲ အတွေးကမ္ဘာထဲ ပြန်ရောက်သွားတဲ့ သူငယ်ချင်းကိုကြည့်ရင်း မင်းနှလုံးသားကိုထပ်ပြီး အလုပ်ပေးပြီး နှလုံးသားကို ထပ်ရင်းလိုက်ပါလို့ပြောပြီး သူ့ဘေးနားကနေ ထွက်လာလိုက်သည်။ 

သူလည်း အတွေးတွေကနေ လှပပြီး ခံစားသက်၀င်မှုကောင်းတဲ့ စာတပုဒ်ထွက်လာမယ်လို့ ထင်ရတာပဲလေ။   

မာန်လေးနွယ်